Biography ရုပ်ရှင်အမျိုးအစားတွေထဲမှာ လူစိတ်ဝင်စားမှုမြင့်တဲ့ ရုပ်ရှင်တွေက နိုင်ငံရေး နဲ့ အားကစားနယ်ပယ်အကြောင်းကို ပြန်ရိုက်ကူးထားတဲ့ ကားတွေက ထိပ်ဆုံးမှာ ရှိပါတယ်။ အားကစားနယ်ပယ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကို အမျိုးအစားခွဲလိုက်ရင်လည်း ဘက်စကတ်ဘော ၊ ရက်ဂ်ဘီ ၊ အပြေး ၊ လက်ဝှေ့ ၊ ဘောလုံး စသည်ဖြင့် အများကြီး ရှိပါတယ်။ ဒီနှစ်အတွက် Best Actor အော်စကာဆုရသွားတဲ့ ဝီလ်စမစ်ရဲ့ King Richard ဇာတ်ကားဆိုရင် ကမ္ဘာကျော်တင်းနစ်မယ် ညီအစ်မနှစ်ဦးဖြစ်တဲ့ ဆရီနာ နဲ့ ဗင်းနစ်ဝီလျံစ်တို့ကို လေ့ကျင့်ပေးခဲ့တဲ့ ဖအေဖြစ်သူ ရစ်ချတ်ဝီလျံအကြောင်း ရိုက်ထားတာပါ။ ဒီဆောင်းပါးမှာတော့ ဘောလုံးရုပ်ရှင် တွေထဲက အကောင်းဆုံး ရုပ်ရှင်တချို့အကြောင်း ညွှန်းပေးချင်ပါတယ်။

(၁) Maradona (2019)

ဂန္ဓဝင်အာဂျင်တိုက်စစ်မှူး ဒီယေဂို အာမန်ဒို မာရာဒိုနာရဲ့ ဘဝအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ မာရာဒိုနာဆိုတာ ၈၀ ပြည့်လွန်နှစ်တွေက ပီလီနဲ့ အပြိုင် မသိသူမရှိအောင် ကျော်ကြားခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။ မာရာဒိုနာဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၁၉၈၆ ကမ္ဘာ့ဖလားဗိုလ်စွဲအောင် စွမ်းဆောင်ခဲ့သလို အီတလီ ၊ စပိန်တို့က ကလပ်အသင်းတွေမှာလည်း ချန်ပီယံဖလားကိုင်မြှောက်အောင် စွမ်းဆောင်နိုင်ခဲ့သူပါ။ ၂၀၂၀ နိုဝင်ဘာ ၂၅ မှာ ကွယ်လွန်သွားရှာတဲ့ ဂန္ဓဝင်ဘောလုံးအကျော်အမော်ရဲ့ အကြောင်းကို Maradona (2019) မှာ မှတ်တမ်းရုပ်ရှင်အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၂) Football Factory (2004)

ဒီရုပ်ရှင်က ဘောလုံးလောကထဲက ပွဲဆူတဲ့ ပရိသတ်တွေအကြောင်း ဖြစ်ရပ်မှန်ကားလို့ ဆိုပါတယ်။ ချဲလ်ဆီးအသင်း အမာခံပရိသတ်တွေထဲက ထစ်ခနဲရှိ သွေးဆူလွယ်တဲ့ တွမ်မီ ဂျွန်ဆင် ၊ ဘီလီ ဘရိုက် ၊ ရော့ဒ်ကင်း နဲ့ ဇီဗာဒီးတို့ကို ဇာတ်အိမ်တည်ထားတာပါ။ အင်္ဂလန်ဘောလုံးလောကထဲက အရူးအမူးအားပေးကြသူတွေနဲ့ ကွင်းတွင်းကွင်းပြင် အကြမ်းဖက်မှု ၊ အရက် ၊ မူးယစ်ဆေး နဲ့ လိင်ကိစ္စတွေကို မြင်ရမှာပါ။ ဇာတ်သိမ်းလေးက ပညာသားပါပြီး လူငယ် ၄ ဦးဟာ မတူကွဲပြားစွာ အဆုံးသတ်သွားကြပါတယ်။

(၃) Escape to Victory (1981)

ဘောလုံးရုပ်ရှင် ချစ်သူတွေ မဖြစ်မနေ ကြည့်သင့်တဲ့ နောက်ထပ်ဇာတ်ကားတစ်ကားက Escape to Victory (1981)ပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်နဲ့ စစ်သုံ့ပန်းတွေ ကန်တဲ့ ဘောလုံးပွဲတစ်ပွဲအကြောင်းပါ။ ဇာတ်လမ်းအလှည့်အပြောင်း အားကောင်းမှုအပြင် ထူးခြားတာက တကယ့်ထိပ်တန်းဘောလုံးအကျော်အမော်တွေ ဖြစ်ကြတဲ့ မိုက်ကယ်ကိန်း ၊ ပီလီ ၊ ဘော်ဘီမိုး စတဲ့ ဆရာကြီးတွေပါ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ၈၀ ပြည့်လွန်နှစ်တွေက ရုပ်ရှင်အနုပညာကိုပါ ခံစားကြည့်နိုင်မယ့်ရုပ်ရှင်ကားကောင်း တစ်ကား ဖြစ်ပါတယ်။

(၄) Mean Machine (2001)

Mean Machine (2001) ကားဟာ အင်္ဂလန်ဘောလုံးကပ္ပတိန်ဟောင်း ဒန်နီ မီးလ်ဟန်ရဲ့ ဘဝအကြောင်း ရိုက်ထားတဲ့ Sports Comedy ကားတစ်ကားပါ။ ဗြိတိန်ပရော်ဖက်ရှင်နယ် ဘောလုံးသမားဟောင်း ဗင်နီးဂျုံးစ် သရုပ်ဆောင်ထားပါတယ်။ ဂျာမနီနဲ့ ပွဲတစ်ပွဲမှာ လုပ်ပွဲကစားတာကြောင့် တစ်သက်တာဘောလုံးကစားခွင့် ပိတ်ခံရပြီး ထောင်ထဲ ရောက်သွားတဲ့ မီးလ်ဟန် ထောင်ထဲမှာ အသင်းတစ်သင်းဖွဲ့လိုက်တဲ့ အကြောင်းကို ရိုက်ထားပါတယ်။

အခု ရုပ်ရှင်တွေအပြင် မဖြစ်မနေ ကြည့်သင့်တဲ့ ဘောလုံးရုပ်ရှင်တွေအနေနဲ့ Zidane: A 21st Century Portrait (2006) ၊ Offside (2006) ၊ Green Street (2005) ၊ Pele (2016) ၊ United (2011) ၊ Montevideo: Taste Of A Dream (2010) နဲ့ The Goal: Trilogy (2005) တို့ကို ညွှန်းချင်ပါတယ်။

Featured Photo : total-slovenia-news