ရိုးမားအသင်း နည်းပြ ဂျိုဆေး မော်ရင်ဟိုကတော့ မနေ့က မွန်ဇာအသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ စီးရီးအေပွဲစဥ် ပွဲပြီးခါနီးမှာ မွန်ဇာနည်းပြကို လှောင်ပြောင်တဲ့ အမှုအရာတချို့ လုပ်ပြခဲ့လို ကွင်းလယ်ဒိုင်ရဲ့ တိုက်ရိုက် အနီကတ်ပြခံလိုက်ရပြီး ဒီပြစ်ဒဏ်ကြောင့် အသင်းဟောင်း အင်တာမီလန်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဥ်ကိုပါ လွဲချော်သွားရတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Goal
ရိုးမား နဲ့ မွန်ဇာတို့ဟာ မနေ့က ညနေအစောပိုင်းမှာ ယှဥ်ပြိုင်သွားခဲ့ကြပြီး မွန်ဇာ ကစားသမား ဒီအမ်ဘရိုစီယိုက ပထမပိုင်း ပြီးခါနီးမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ရိုးမားက လက်ကျန်ပွဲချိန်တွေကို ကစားသမား တစ်ယောက်အသာနဲ့ ကစားခဲ့ရပါတယ်။ ဒါပေမယ့် ရိုးမားက ဂိုးရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီးမှသာ လူးစားဝင် ကစားသမား အယ်ရှာရာဝီရဲ့ ဂိုးနဲ့ နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။
Photo Credit : Eurosport
အယ်ရှာရာဝီ ဂိုးသွင်းအပြီး မိနစ်ပိုင်းလေးအတွင်းမှာပဲ ရိုးမားနည်းပြ မော်ရင်ဟိုက ပြိုင်ဘက် မွန်ဇာနည်းပြကို လက်အမှုအရာတချို့နဲ့ လှောင်ပြောင်ခဲ့ရာ ဒါကို ကွင်းလယ်ဒိုင်က သတိထားမိရင်း မော်ရင်ဟိုကို အနီကတ်ပြ ထုတ်ပယ်လိုက်ပါတယ်။ မော်ရင်ဟိုက ရိုးမားနည်းပြအဖြစ်နဲ့ စီးရီးအေကို တစ်ကျော့ပြန် ရောက်ရှိချိန်ကတည်းက မကြာခဏ ဆိုသလို အနီကတ်ပြသခံရတာတွေ ရှိတက်ပြီး မနှစ်က ဘောလုံးရာသီမှာဆိုရင်လည်း အနီကတ် (၃)ကြိမ်အထိပါ ပြသခံခဲ့ရပါတယ်။
Photo Credit : Sports Brief
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မော်ရင်ဟိုက “ကျွန်တော် ကိုယ်ဟန် အမှုအရာတချို့ကိုပဲ လုပ်ပြခဲ့တာ။ ဘာ ရိုင်းရိုင်းစိုင်းစိုင်း စကားမှလည်း မပြောခဲ့ဘူး။ ဘာဖြစ်လို့ လုပ်ခဲ့တာလဲဆိုတော့ ပြီးခဲ့တဲ့ရာသီတုန်းက အရည်အသွေး ရှိသလောက် အတွေ့အကြုံမရှိတဲ့ သူတွေက ကျွန်တော်နဲ့ ပတ်သက်ပြီး အဆင်မပြေနိုင်စေမယ့် စကားတွေကို ပြောခဲ့လို့ပါပဲ။ ဒီနေ့မှာဆိုရင် မွန်ဇာက တစ်ယောက်ဟာ ကွင်းဘေးစည်းကနေ ဒိုင်ကို ဖိအားပေးဖို့ ကြိုးစားနေခဲ့ပါတယ်။ ကျွန်တော် ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ သူတို့အသင်းက အကောင်းဆုံး ကစားသွားခဲ့ပြီး ရှုံးပွဲနဲ့လည်း မထိုက်တန်ခဲ့ပါဘူး။ အနိုင် (၃)မှတ်အတွက် ဝမ်းသာမိတယ် ဆိုပေမယ့်လည်း ကျွန်တော်တ်ို့အသင်းက အမြဲတမ်းလိုလို ရုန်းကန်နေရတယ်လို့ ကျွန်တော် ခံစားမိတယ်။ ကျွန်တော်တို့က နည်းစနစ်ပိုင်း အမှားအယွင်းတွေ လုပ်မိခဲ့သလို ကစားသမားတွေကလည်း ပွဲပန်းဒဏ်ကို ခံစားနေရပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
Featured Photo : Shqiptarja