ဒီရာသီ အန်ဖီးလ် ကွင်းမှာ အိမ်ရှင် လီဗာပူးလ် ကို အနိုင်ယူထားတဲ့ အသင်းက ဇယားထိပ်မှာ ရှိနေတဲ့ ဆင်ပျံကြီး အာဆင်နယ်လည်း မဟုတ် ၊ ဆင်ပျံနောက်မှာ ဆက်တိုက် ဖိအားပေးနေသူ စီးတီးလည်း မဟုတ်ပဲ လိဒ်စ်အသင်း ဖြစ်နေပါတယ်။ လိဒ်စ် တစ်သင်းတည်းကပဲ ဒီရာသီ အန်ဖီးလ်မှာ လီဗာပူးလ်ကို အနိုင်ယူထားဖူးတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ် ကလပ်အဖြစ် ရှိနေရပါတယ်။
Photo Credit : Twitter
အဲ့ဒီတုန်းကတော့ ရိုဒရီဂို ဆာလာတို့ရဲ့ အပြန်အလှန် ဂိုးတွေနဲ့ တစ်ဖက် တစ်ဂိုးစီ သရေနဲ့ အဆုံးသတ်ပြီလို့ ထင်ခဲ့ပြီးမှ (၈၉)မိနစ်မှာ ဆမ်းမားဗေးလ်ရဲ့ အသည်းခွဲဂိုးနဲ့ လီဗာပူးလ်တို့ အန်ဖီးလ်မှာ ရှုံးပွဲတွေ့ခဲ့ရပါတယ်။ လီဗာပူးလ်က ဒီရာသီမှာ ခြေစွမ်းပိုင်း ရလဒ်ပိုင်းတွေ သိပ်ကောင်းမွန်ခြင်း မရှိပေမယ့်လည်း အန်ဖီးလ်မှာ ကစားရတဲ့ ပွဲတိုင်းမှာ ပြိုင်ဘက်ကို ရှိန်အောင် ကစားနိုင်သလို ရှုံးပွဲ ကြုံရတာလည်း မရှိသလောက် ရှားပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း လိဒ်စ် တစ်သင်းတည်းကိုတော့ အန်ဖီးလ်မှာ အရှုံးပေးထားခဲ့ရပြီး ဒီရှုံးပွဲဟာလည်း လီဗာပူးလ် အတွက် အသည်းနာစရာ ဖြစ်ခဲ့ရပါတယ်။
Photo Credit : Twitter
လီဗာပူးလ်က ဒီရာသီမှာ ရီးယဲလ်ကို အန်ဖီးလ်မှာပဲ (2-5) နဲ့ ရှံးထားတာပဲလို့ ဆိုနိုင်ပေမယ့် လိဒ်စ် နဲ့ ရီးယဲလ်ကြားမှာ အဖြူရောင်ဂျာစီချင်း တူနေတာကလွဲရင် ခြေစွမ်း ကစားသမားအင်အားက အကွာကြီးပါပဲ။ ဒါကြောင့် လီဗာပူးလ်က လိဒ်စ်ရဲ့ အယ်လန်ရုဒ်ကွင်းမှာ လာကစားတဲ့အခါ အန်ဖီးလ် ရှုံးကြွေးကို တစ်မုန်းဆပ်ဖို့ အမှန်အကန် ပြင်ဆင်လာခဲ့ပါတယ်။ ပြင်ဆင်လာတဲ့အတိုင်းလည်း လီဗာပူးလ် ဟာ လိဒ်စ်ကို အန်ဖီးလ် ရှုံးကြွေး ရေရေလည်လည် ဆပ်နိုင်ခဲ့ပြီး (1-6)ဆိုတဲ့ ရလဒ်နဲ့ပါ အမဲဖျက်ခဲ့ပါတယ်။
Photo Credit : Twitter
ဒီနိုင်ပွဲကြောင့် လီဗာပူးလ်တို့ ယုံကြည်မှု ပြန်ရသွားစေမှာ သေချာနေပြီး လက်ရှိမှာ အဆင့်(၄)နေရာနဲ့ (၉)မှတ်အထိ ကွာဟနေတယ် ဆိုပေမယ့် ဒီနိုင်ပွဲရဲ့ နောက်ဆက်တွဲကနေ ဖြစ်တည်လာမယ့် ယုံကြည်ချက်တွေက လီဗာပူးလ် အသင်းသားတွေအပေါ် ကောင်းမွန်စွာ အကျိုးသက်ရောက်လာနိုင်ပါတယ်။ လီဗာပူးလ်ရဲ့ လက်ကျန်ပွဲတွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ စပါး အပါအဝင် လန်ဒန် အသင်းများစွာနဲ့ ကစားရမယ့် ပွဲစဉ်တွေ ပါဝင်နေလို့ ဒီပွဲတွေမှာ ရလဒ်ကောင်းတွေ ဆက်ယူဆောင်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။
Featured Photo : Twitter