ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါး လို့ ဆိုတဲ့အတိုင်း ကျန်းမာမှ ကိုယ်အလိုရှိရာတွေကို ဖန်တီးယူနိုင်မှာပါ။ ကျန်းမာဖို့အတွက် ကိုယ်လက် လေ့ကျင့်ခန်း လုပ်ခြင်းကလည်း အရေးကြီးပါတယ်။ ရိုးရှင်းပြီး လွယ်ကူတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ နေ့စဉ် အပြေးလေ့ကျင့်ခန်းကနေ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ဆောင်ကျဉ်းပေးနိုင်တယ်လို့ ကမ္ဘာ့တစ်ဝှမ်းရှိ ထင်ရှားသော တက္ကသိုလ်များမှာ ပြုလုပ်တဲ့ လေ့လာမှုများအရ သိရပါတယ်။ ဒီရိုးရှင်းပြီး လူတိုင်းပြုလုပ်နိုင်တဲ့ အပြေး လေ့ကျင့်ခန်း က ရရှိနိုင်တဲ့ အကျိုးများ က ဘာပါလဲ။

(၁) ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးတတ်စေပါတယ်

အပြေး လေ့ကျင့်ခန်း

Photo : Ladders

University of South Carolina မှ ပြုလုပ်သော လေ့လာမှုတစ်ခုအရ ကိုယ်ကာယလေ့ကျင့်ခန်းသည် ကြွက်သားများသာမက ဦးနှောက်အတွင်းရှိ Mitochondria အရေအတွက်ကို တိုးလာစေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဦးနှောက်ဆဲလ်များရှိ Mitochondria ၏ ဇီဝကမ္မဖြစ်စဉ်သည် ပင်ပန်းနွမ်းနယ်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် Mitochondria ၏လုပ်ဆောင်မှုရှားပါးမှုကြောင့် ဖြစ်တတ်သော  ဗဟိုအာရုံကြောစနစ်နှင့် အချို့သော Dementias ရောဂါများခံစားရနိုင်ခြေကို လျှော့ချပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ် အပြေး လေ့ကျင့်ခန်း ကနေ ဉီးနှောက်စွမ်းဆောင်ရည် တိုးတတ်စေဖို့ မာရသွန်ပြေးဖို့ မလိုအပ်ပါဘူး။ နေ့စဉ် ရက်သတ္တပတ် အနည်းငယ်ဆက်တိုက် မိနစ်၃၀ ခန့်ပြေးခြင်းဖြင့်  Mitochondria အသစ်များဖွဲစည်းခြင်းကို လှုံ့ဆော်ပေးပြီး ကွီးတို့ရဲ့ အာရုံကြောများ၏ လုပ်ဆောင်မှုကို တိုးတက်စေပါတယ်။

(၂) ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်

အပြေး လေ့ကျင့်ခန်း

Photo : DNA India

ပြေးခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုက အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်နဲ့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး ကင်ဆာရှိပြီးသားသူတွေရဲ့ အသက်ရှင်နှုန်းကိုလည်း တိုးမြင့်စေနိုင်တယ်လို့ ဆိုပါတယ်။ အပြေးလေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကြာချိန်၊ ပြင်းထန်မှုနဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဖွဲစည်းပုံပေါ်မူတည်ပြီး အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဆိုထားပါတယ်။ လူတစ်ယောက်ဟာ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး တတ်တတ်ကြွကြွနေလေ၊ ကင်ဆာဖြစ်ပွားနိုင်ခြေ နည်းပါးလေ ဖြစ်ပါတယ်။ ထို့အပြင် မြောက်အမေရိက၊ ဥရောပ၊ အာရှနဲ့ သြစတြေးလျမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှု ၆၀ ကျော်က လေ့ကျင့်ခန်း ပိုလုပ်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ နည်းပါးကြောင်း ပြသနေပါတယ်။ မကြာခဏ ပြေးလေ့ရှိသူတွေက အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။ တစ်နေ့လျှင် မိနစ် ၃၀ မှ ၆၀ ခန့်အထိ ခပ်မှန်မှန် အရှိန်နဲ့ပြေးခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်လို့ ဆိုထားပါတယ်။

(၃) အဆစ်အမြစ်ရောင်ရမ်းခြင်းကို ရှောင်ရှားနိုင်ပါတယ်

အပြေး လေ့ကျင့်ခန်း

Photo : Mr Amitt Kumar

အပြေး လေ့ကျင့်ခန်း က ဒူးနဲ့ အခြားအဆစ်များပေါ် သိသိသာသာ သက်ရောက်မှုရှိသော်လည်း အပြေးလေ့ကျင့်ခန်းကြောင့် အဆစ်အမြစ်များ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်တယ်ဆိုတဲ့ သက်သေပြချက်မရှိပါဘူး။ ပြေးတဲ့အခါ ကွီးတို့က သတ်မှတ်ထားသော အကွာအဝေးကိုသွားရန် အားစိုက်ထုတ်မှုလိုအပ်ပါတယ်။ ပြေးသည့်အခါ ဒူးအပေါ်သက်ရောက်တဲ့ တွန်းအားဟာ လမ်းလျှောက်သည့်အခါ ထက်ပိုများသော်လည်း၊ ၎င်းသည် ရေရှည်မှာ ဒူးရဲ့ကျန်းမာရေးကို အထောက်အကူပြုစေတယ်လို့ ဆိုပါတယ်။ ထို့အပြင် အချို့သော အချက်အလက်များအရ ပြေးသောအခါတွင် ဒူးဆစ်၏အရိုးနုကို အားကောင်းစေပြီး အဆစ်အမြစ်ရောင်ရမ်းခြင်းကိုလည်း ရှောင်ရှားနိုင်မည်ဟု ဆိုထားပါတယ်။

(၄) အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်

running exercise

Photo : Witchits KS

နေ့စဉ် အပြေး လေ့ကျင့်ခန်း မှ ရရှိနိုင်သော အကျိူးများ ထဲက တစ်ခုကတော့ အရိုးပွရောဂါ (Osteoporosis) ကိုလျှော့ချပေးနိုင်တာပဲဖြစ်ပါတယ်။ အရိုးပွရောဂါဟာ ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော လူများကို အပေါ်သက်ရောက်နေသော ရောဂါတစ်ခုဖြစ်ပါတယ်။ မကြာသေးမီက လေ့လာချက်များအရ ပြေးခြင်းသည် အရိုးပွခြင်းကို ဖြစ်စေသော ကယ်လ်စီယမ်ဓာတ် ချို့တဲ့မှုကို ရှောင်ရှားနိုင်ကာ အရိုးတွင်းသတ္တုဓာတ် သိပ်သည်းဆကို တိုးမြင့်စေကြောင်း သိရပါတယ်။ Missouri တက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ သုတေသနပြုချက်အရ ပြေးခြင်း သို့မဟုတ် ပြေးခြင်းကဲ့သို့သော ပြင်းထန်သော လှုပ်ရှားမှုများသည် အရိုးတွင်းသတ္တုဓာတ် သိပ်သည်းဆအပေါ် ကောင်းသော အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

(၅)  စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးပါတယ်

running exercise

Photo : Muscle and Fitness

အပြေးလေ့ကျင့်ခန်းက ကွီးတို့ရဲ့စိတ်ပိုင်းဆိုင်ရာ အတွက်လည်း ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိတယ်လို့ဆိုပါတယ်။ ပြေးခြင်းကဲ့သို့သော အလယ်အလတ်လေ့ကျင့်ခန်းများက စိတ်ဓာတ်ကျခြင်းကို ဆန့်ကျင်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့မျိုးရိုးဗီဇကို လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့်  ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါ ပျော်ရွှင်စေပြီးခံစားချက်ကောင်းမွန်စေတဲ့ Endorphin ကိုထုတ်လွှတ်ပေးပါတယ်။ ထို့အပြင် ပြေးခြင်းအလေ့အထက ဦးနှောက်တွင်ရှိသော Serotonin နဲ့ Norepinephrine တို့ကို တိုးမြင့်စေကြောင်း ပြသသည့် သိပ္ပံနည်းကျ အထောက်အထားများလည်း ရှိပါတယ်။ ၎င်းတို့သည် စိတ်ခံစားချက်အပေါ် အကျိုးပြုသော လွှမ်းမိုးမှုရှိပြီး မရှိမဖြစ်လိုအပ်တဲ့ အာရုံကြောဓာတ်များဖြစ်ပါတယ်။

ကွီးတို့ရေ နေ့စဉ် အပြေး လေ့ကျင့်ခန်း ကနေ ကွီးတို့အတွက် ခန္ဓာကိုယ်ကျန်းမာရေး အတွက်သာမက စိတ်ပိုင်းဆိုင်ရာ အတွက်လည်းအကျိုးများစေပါတယ်။ ထို့ကြောင့် ကွီးတို့အနေနဲ့ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့်အချိန်ပေးပြီး အပြေးလေ့ကျင့်ခန်းကိုလုပ်ပေးပါ။ တကယ်ကိုအကျိူးထူးတာကို ကွီးတို့လက်တွေ့ခံစားရမှာပါ။

Source : Running On Fire

Featured Photo : Sltrib