အမေရိကန်နိုင်ငံရဲ့ ယဉ်ကျေးမှုထဲမှာကိုက အားကစားတွေက ပူးကပ်ပြီးသားပါ။ အမေရိကန်နိုင်ငံအတွင်းက အဖွဲ့အစည်းတိုင်းလိုလို အားကစား ဒါမှမဟုတ် Physical Game ပုံစံတစ်ခုခုနဲ့ ချိတ်ဆက်မှု ရှိနေပါတယ်။ အမေရိကန်ကို တည်ထောင်ခဲ့တဲ့ သောမတ်စ် ဂျက်ဖာဆင်နဲ့ ဘန်ဂျမန် ဖရန်ကလင်တို့ဟာ နိုင်ငံသားတွေကို အပြေးလေ့ကျင့်ခန်း ၊ ရေကူးလေ့ကျင့်ခန်း စတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ အမေရိကန် သမ္မတကြီးတွေ ဖြစ်ခဲ့တဲ့ သီယိုဒို ရုစဗဲ့ ၊ ဒွိုက်ဒီ အိုက်ဆင်ဟောင်ဝါ နဲ့ ဂျွန်အက်ဖ်ကနေဒီတို့လည်း နိုင်ငံရဲ့ အားကစားကို တက်တက်ကြွကြွ ပံ့ပိုးခဲ့ဖူးပါတယ်။ ဒီလိုမျိုး အားကစား အားပေးတဲ့ အမေရိကန် နိုင်ငံမှာ နာမည်ကျော်ကြား လူကြိုက်များကြတဲ့ အားကစားတွေအများကြီး ရှိပြီး ဒီထဲက တချို့အကြောင်း မျှဝေတင်ဆက်ပေးချင်ပါတယ်။

(၁) American Football

American-Footbal

Photo : pickytop

American Football ဆိုတာ အမေရိကန်ပြည်ထောင်စုရဲ့ နာမည်အကြီးဆုံး အားကစားပါပဲ။ အမေရိကန်မှာတော့ Football လို့ပဲ ခေါ်လေ့ရှိပါတယ်။ အမေရိကန်ပြည်သူ သန်းပေါင်းများစွာ သည်းခြေကြိုက်အားကစားမျိုးပါ။ အမေရိကန်လူ့အဖွဲ့အစည်းရဲ့ အသွေးအသားထဲ စိမ့်ဝင်နေတဲ့ အားကစားဖြစ်လို့ အထက်တန်းကျောင်း ၊ ကောလိပ်အတန်းကနေ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွေအထိ ခြေဆန့်နေတဲ့ အားကစားလည်း ဖြစ်ပါတယ်။
ထူးခြားတာက American Football မှာ သုံးတဲ့ ဘောလုံးနဲ့ ကစားတဲ့နည်းစနစ်ကအစ Soccer လို့ ခေါ်ကြတဲ့ ခြေထောက်နဲ့ ကန်ကြတဲ့ ဘောလုံးပွဲနဲ့ တခြားစီ ဖြစ်ပါတယ်။ ပိုလို့လည်း ကြမ်းတမ်းပြီး ပြိုင်ဆိုင်မှုပြင်းထန်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း အမေရိကန်တွေအတွက် American Football ထက် ဆွဲဆောင်မှုရှိမယ့် အားကစား ရှားပါတယ်။ American Football လောကမှာ John Madden ၊ Tom Brady ၊ AI Michaels နဲ့ John Elway တို့ရဲ့ နာမည်တွေက ဂန္ဓဝင်ကြယ်ပွင့်တွေလို လင်းလက်နေပါတယ်။

(၂) Baseball

Baseball Sports

Photo : pickytop

အမေရိကန်နိုင်ငံနဲ့အတူ ကြီးပြင်းလာတဲ့ အားကစားတွေထဲမှာ Baseball အားကစားလည်း ပါဝင်ပါတယ်။ ၂၀ ရာစုနှစ်ဆန်းပိုင်းက လူကြိုက်များလာတဲ့ အားကစားတစ်ခု ဖြစ်ပြီး ဒီအားကစားပေါ်ပေါက်လာတာ နှစ် ၁၅၀ ကျော် ကြာပြီလို့ ဆိုပါတယ်။ Baseball ဟာ American Football ပြီးရင် နိုင်ငံရဲ့ ဒုတိယ လူကြိုက်အများဆုံး အားကစားအဖြစ် ရပ်တည်နေပါတယ်။

အမေရိကန် Baseball အသင်းတွေဟာလည်း သူဌေးသူကြွယ် နဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ စပွန်ဆာကောင်းကောင်း ရထားပါတယ်။ Major League Baseball (MLB) ဟာ အမေရိကန်နဲ့ ကနေဒါတို့ရဲ့ သက်တမ်းအရင့်ဆုံး ပရော်ဖက်ရှင်နယ် Baseball အစည်းအရုံးတစ်ခု ဖြစ်ပြီး ပရော်ဖက်ရှင်နယ် Baseball League တွေထဲမှာ Ranking အမြင့်ဆုံး လိဂ်လည်း ဖြစ်ပါတယ်။

(၃) Basketball

Basketball

Photo : pickytop

အမေရိကန်ပြည်ထောင်စုမှာ အမေရိကန်တွေနဲ့ ယှဉ်ပြီး နာမည်ကြီးတဲ့ အားကစားတွေထဲမှာ Basketball လည်း ပါဝင်ပါတယ်။ Basketball ကို ပရော်ဖက်ရှင်နယ် ကနေ အပျော်တမ်း ရပ်ကွက်အဆင့်အထိ ကစားနေကြပါတယ်။ အမေရိကန်ရဲ့ ပရော်ဖက်ရှင်နယ် အားကစားအသင်းတွေဟာ National Basketball Association (NBA) အောက်က ထွက်ပါတယ်။ ကောလိပ်ကျောင်းတွေနဲ့ NBA တို့ ချိတ်ဆက်ထားပြီး ထူးချွန်တဲ့ အားကစားသမားလူငယ်တွေ မွေးထုတ်ပါတယ်။ NBA ဟာ ကမ္ဘာ့အကျိုးအမြတ် အများဆုံး ရတဲ့ ပရော်ဖက်ရှင်နယ် လိဂ်တစ်ခုဖြစ်ပြီး Chicago Bulls ၊ Los Angeles Lakers ၊ Boston Celtics နဲ့ တခြား ကမ္ဘာကျော် အောင်မြင်တဲ့ အသင်းတွေ အများကြီး ထွက်ပါတယ်။

(၄) Ice Hockey

Ice Hockey

Photo : pickytop

အမေရိကန်နဲ့ ကနေဒါတို့မှာ အရေးပါတဲ့ အဓိက ပရော်ဖက်ရှင်နယ်အားကစားတွေထဲမှာ Ice- Hockey လို့ ခေါ်တဲ့ ရေခဲပြင်စကိတ်အားကစားလည်း ပါဝင်ပါတယ်။ National Hockey League (NHL) ဟာ ပြိုင်ဆိုင်မှု အမြင့်ဆုံးနဲ့ မြောက်အမေရိကတိုက်ရဲ့ အကျော်ကြားဆုံး အားကစားလိဂ်လည်း ဖြစ်ပါတယ်။ ၁၉၈၀ Winter Olympics မှာ အမေရိကန်ဟာ Ice Hockey နဲ့ ပထမဆုံး ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။

(၅) Football

Soccer

Photo : pickytop

အမေရိကန် ပြည်ထောင်စုရဲ့ အကျော်ကြားဆုံး အားကစားတွေရဲ့ စာရင်းမှာ ခြေနဲ့ ကန်ရတဲ့ Football ဘောလုံးအားကစားက ပဉ္စမမြောက် အကျော်ကြားဆုံးနဲ့ လူကြိုက်အများဆုံး အားကစားအဖြစ် ရပ်တည်နေပါတယ်။ အမေရိကန်တွေ ဘောလုံးအားကစားကို စိတ်ဝင်စားလာတာကတော့ သိပ်မကြာသေးဘူးလို့ ပြောနိုင်ပါတယ်။ American Football ဆိုရင် သက်တမ်းရှည်သလောက် လူကြိုက်များပြီး ထိပ်တန်းရောက် အောင်မြင်မှုလည်း ရပါတယ်။

ဘောလုံးအားကစားကို အမေရိကန်တွေ စလာတာ နှစ်အစိတ်ထက် မရှိသေးပါဘူး။ Major League Soccer (MLS) ဆိုပြီး လိဂ်ထောင်ခဲ့တာ ၁၉၉၆ ခုနှစ်က ဖြစ်ပြီး စစချင်း အသင်း ၁၀ သင်းနဲ့ ဖွဲ့စည်းခဲ့တာပါ။ အခုတော့ အသင်းပေါင်း ၂၀ အထိ ရှိလာပြီ ဖြစ်ပါတယ်။ Major League ကို ကမ္ဘာ့အဆင့် အောင်မြင်ဖို့ အမေရိကန်သူဌေးကြီးတွေဟာ ကမ္ဘာကျော် ဘောလုံးသမားတွေကို ဒေါ်လာသန်းရာချီ ပေးပြီး ဆွဲဆောင်လာနေပါတယ်။

လောလောဆယ်တော့ Major League တွေကို ကမ္ဘာက သိပ်ပြီး သည်းသည်းလှုပ် အားမပေးသေးပေမယ့် အမေရိကန်အမျိုးသမီးအသင်းကတော့ FIFA Women’ World Cup မှာ ချန်ပီယံအဆင့်အထိ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ အမေရိကန်ဘောလုံးသမားတွေအနေနဲ့လည်း နောက်ပိုင်းမှာ ကမ္ဘာ့အဆင့် ဘောလုံးပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုရဖို့ ကြိုးစားနေကြပြီ ဖြစ်ပါတယ်။

Featured Photo : sportsplus