စားသောက်နေထိုင်မှု ပုံစံကြောင့် ကိုယ်အလေးချိန် တိုးလာပြီး ဝဖိုင့်ဖိုင့်နဲ့ ဗိုက်လေး ရွှဲလာရင် စမတ်ကျတဲ့ ကွီးတစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ကိုယ်လက်လေးလံ ထိုင်းမှိုင်းလာပြီး နေ့စဉ်လူမှုဘဝကို သက်‌ရောက်စေသည်သာမက ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ လူတစ်ယောက်အတွက် ကျစ်လစ်ပြီး ကျန်းမာသော သင့်တင့်မျှတတဲ့ ခန္ဓာကိုယ် အလေးချိန်ရှိတာ အကောင်းဆုံးပါပဲ။ ကိုယ်အ‌လေးချိန်ကို အမြန်ဆုံးနဲ့ ထိထိရောက်ရောက် လျော့ချတဲ့နည်းကတော့ လေ့ကျင့်ခန်းများ လုပ်ခြင်းပါပဲ။ ဒီဆောင်းပါးလေးမှာတော့ အမြန်ဆုံးနည်းနဲ့ ကိုယ်အလေးချိန် လျော့ကျပြီး ပိန်စေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းများ ကို ဖော်ပြပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁) ပြေးခြင်း ဒါမှမဟုတ် Jogging

အမြန်ဆုံးနည်းနဲ့ ပိန်စေဖို့

Photo : Greatist

လူတစ်ယောက် ကိုယ်အလေးချိန်တတ်လာရင် အရင်ဆုံး ဝမ်းဗိုက်ပိုင်းမှာ အဆီစုလာကြပါတယ်။ ပြေးခြင်း ဒါမှမဟုတ် Jogging လေ့ကျင့်ခန်းများက ကိုယ်အလေးချိန် လျော့ကျစေသည်သာမက ဝမ်းဗိုက်အဆီများကိုပါ သိသိသာသာ လောင်ကျွမ်းစေပါတယ်။ ထိုအဆီအမျိုးအစားများက ကျွန်တော်တို့ရဲ့ ကိုယ်တွင်းအင်္ဂါများကို ဖုံးအုပ်ထားပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါကဲ့သို့သော နာတာရှည်ရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်း နှစ်ခုစလုံးက နေရာတိုင်းတွင် လုပ်ဆောင်နိုင်ပြီး လွယ်ကူတဲ့ လေ့ကျင့်ခန်းများလည်း ဖြစ်ပါတယ်။ တစ်ပတ်လျှင် ၃ ကြိမ်မှ ၄ ကြိမ်၊ ၁ ကြိမ်လျှင် မိနစ် ၂၀ မှ ၃၀ အထိ ပြေးရင် လုံလောက်ပါတယ်။ အမြန်ဆုံးနည်းနဲ့ ပိန်စေဖို့ ဆိုရင်တော့ အကြိမ်ရေနဲ့ ပြေးချိန်ကို ကွီးတို့ ခံနိုင်ရည်အားအလိုက် ဖြည်းဖြည်းချင်း မြှင့်တင်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၂) ရေကူးခြင်း

အမြန်ဆုံးနည်းနဲ့ ပိန်စေဖို့

Photo : Sportsmatik

‌ရေကူးခြင်းက ကိုယ်အလေးချိန်လျော့ကျပြီး ပိန်စေသည်သာမက ခန္ဓာကိုယ်ကိုလည်း အချိုးကျစေတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။ ဟားဗတ် ကျန်းမာရေးရဲ့ ခန့်မှန်းချက်တစ်ခု အရ ၁၁၅ ပေါင် (၇၀ ကီလိုဂရမ်) ရှိသော လူတစ်ယောက်သည် နာရီဝက်ကြာ ရေကူးလျှင် ကယ်လိုရီ ၂၁၆ ခန့် လောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ ရေကူးတဲ့ ပုံစံကလည်း ကယ်လိုရီလောင်ကျွမ်းမှု အနည်းအများပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ လိပ်ပြာပုံစံရေကူးခြင်း၊ နောက်ပြန်ရေကူးခြင်းနဲ့ အလွတ်စတိုင်လ် ရေကူးခြင်းတို့က ကယ်လိုရီလောင်ကျွမ်းမှု အမြင့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ရေကူးခြင်းရဲ့ နောက်ထပ်အားသာချက်မှာ အဆစ်များပေါ်တွင် သက်ရောက်မှုနည်းတာ ဖြစ်ပါတယ်။ ၎င်းက အဆစ်ဒဏ်ရာ သို့မဟုတ် အဆစ်နာကျင်နေသူများအတွက် ကိုယ်အလေးချိန်လျော့ချဖို့ ပြုလုပ်နိုင်တဲ့ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃) Weight Training

အမြန်ဆုံးနည်းနဲ့ ပိန်စေဖို့

Photo : Men’s Journal

ကိုယ်အလေးချိန် လျှော့ချပြီး ပိန်ဖို့ကြိုးစားနေသူတွေ အတွက် Weight Training များကလည်း အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ။ ထို့အပြင် Weight training လေ့ကျင့်ခန်းများက ကွီးတို့ကို ခွန်အားတည်ဆောက်ရန်နဲ့ ကြွက်သားကြီးထွားမှုကို မြှင့်တင်ပေးနိုင်တဲ့ လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ တစ်ပတ်လျှင် ၃ ကြိမ် ၁၁ မိနစ် ခန့် Weight training အခြေခံ လေ့ကျင့်ခန်းများကို ရိုးရိုးရှင်းရှင်း ပြုလုပ်ခြင်းဖြင့် ပျမ်းမျှအားဖြင့် ဇီဝဖြစ်စဉ်နှုန်း ၇.၄ ရာခိုင်နှုန်း တိုးလာကြောင်း လေ့လာမှုတစ်ခုအရ ဆိုပါတယ်။ ထိုတိုးလာခြင်းက တစ်နေ့လျှင် ၁၂၅ ကယ်လိုရီကို လောင်ကျွန်းစေခြင်းနဲ့ ညီမျှပါတယ်။ အမျိုးသားများအတွက် ကိုယ်အလေးချိန် လျှော့ချပြီးသား ဖြစ်စေရုံသာမက ကျစ်လစ်တဲ့ ကြွက်သားတွေ ပိုင်ဆိုင်စေဖို့ Weight training လေ့ကျင့်ခန်းများကို အချိန်ပေးပြီး ပြုလုပ်သင့်ပါတယ်။

လေ့ကျင့်ခန်း (၄) စက်ဘီးစီးခြင်း

Photo : SIROKO

စက်ဘီးစီးခြင်းက ကျွန်တော်တို့ရဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်လျှော့ချဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဟားဗတ်ကျန်းမာရေးရဲ့ ခန့်မှန်းချက်အရ ၁၅၅ ပေါင် (၇၀ ကီလိုဂရမ်) ရှိသော လူတစ်ဦးက စက်ဘီးအား အလယ်အလတ် အရှိန်ဖြင့် မိနစ် ၃၀ စီးပါက ၂၅၂ ကယ်လိုရီလောင်ကျွမ်းတယ်လို့ ဆိုပါတယ်။ စက်ဘီးစီးတာက ကိုယ်အလေးချိန် လျော့ကျစေရုံသာမက ပုံမှန် စက်ဘီးစီးတဲ့သူတွေဟာ အလုံးစုံကြံ့ခိုင်မှုနဲ့ အင်ဆူလင် အာရုံခံနိုင်စွမ်း ပိုကောင်းပြီး ပုံမှန်စက်ဘီးစီးလေ့ မရှိသူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ၊ ကင်ဆာနဲ့ သေဆုံးနိုင်ခြေ နည်းပါးကြောင်း လေ့လာမှုတွေက တွေ့ရှိခဲ့ပါတယ်။

လေ့ကျင့်ခန်း (၅) High-Intensity Interval Training

Photo : Less Mills

High-intensity interval training (HIIT) ဆိုတာကတော့ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုမှ ပြင်းထန်မှုနည်းသော လေ့ကျင့်ခန်းများသို့ အပြန်ပြန်အလှန်လှန် ပြောင်းလဲသည့် လေ့ကျင့်ခန်း အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ နေ့တိုင်းမလုပ်သင့်ပေမယ့် ကိုယ်အလေးချိန်ကျပြီး ပိန်စေဖို့ အရမ်းထိရောက်ပါတယ်။ တည်ငြိမ်သော Cardio လေ့ကျင့်ခန်းများထက် HIIT ဖြင့် ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေနိုင်တယ်လို့ ဆိုပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်းများကတော့ ခန္ဓာကိုယ်မှာ ပိုနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး အမြန်ဆုံးနည်းနဲ့ ပိန်စေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ကျစ်လစ်သန်မာစေရုံသာမက ကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်တာကြောင့် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : Healthline

Featured Photo : Transparent