ဒီနှစ်ဘောလုံးရာသီအတွင်း ဘာစီလိုနာ အသင်းအတွက် ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ရရှိနေတဲ့ တိုက်စစ်ကစားသမားလေး အန်ဆူ ဖာတီ ရဲ့ အနာဂတ် အခြေအနေက လှုပ်ခတ်လျက် ရှိနေရပြီး သူ့ကိုလည်း ပရီးမီးယားလိဂ် အသင်းတွေထဲကမှ မန်ယူနိုက်တက် လီဗာပူးလ်တို့အပြင် အာဆင်နယ် အသင်းကပါ ပစ်မှတ်ထားလာခဲ့တယ်လို့ The Sun သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Barca Blaugranes
အသက် (၂၀) အရွယ်သာ ရှိနေသေးတဲ့ လာမာစီယာ အကယ်ဒမီထွက် စပိန်လူငယ် တိုက်စစ်ကစားသမားလေး ဖာတီဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၃၁) ပွဲ အထိတောင် ပါဝင်ထားခဲ့ရတယ် ဆိုပေမယ့်လည်း လာလီဂါ (၇) ပွဲနဲ့ ချန်ပီယံလိဂ် (၂) ပွဲ စုစုပေါင်း (၉) ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရပြီး ကျန်တဲ့ (၂၂) ပွဲကိုတော့ လူစားဝင်အဖြစ်နဲ့ပဲ ကစားထားခဲ့ရပါတယ်။ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ တောက်ပလာနိုင်မယ့် ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူ ဖာတီဟာ ဒီရာသီ ဘာစီလိုနာအတွက် တိုက်စစ်မှူးနေရာ ၊ ဘယ်တောင်ပံနေရာတွေမှာ ကစားခဲ့ပေမယ့် ဘာစီလိုနာကတော့ ဒီနေရာ နှစ်ခုလုံးမှာ လီဝန်ဒေါစကီး ၊ ဂါဗီတို့ကိုသာ ပုံမှန် နေရာပေးနေတာကြောင့် ဖာတီရဲ့ နေရာက တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ရပါတယ်။
Photo Credit : Sky Sports
ဒီလို အခြေအနေမှာ ဖာတီ က သူရဲ့အနာဂတ်အတွက် စဉ်းစားလာခဲ့သလို ဖာတီရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ကပါ သူရဲ့ကစားသမားအတွက် ကလပ်အသင်းတချို့နဲ့ပါ ဆက်သွယ်လာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက် ငယ်ရွယ်ပြီး အရည်အသွေးလည်း ပြည့်ဝတဲ့ ဖာတီကို လက်ရှိမှာ မန်ယူနိုက်တက် လီဗာပူးလ်တို့အပြင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အာဆင်နယ် ကပါ စိတ်ဝင်စားလို့နေပြီး ကစားသမားနဲ့ အသင်းတို့ကြားက အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။
Photo Credit : Goal
ဘာစီလိုနာကတော့ သူတို့ရဲ့ ကစားသမားလေး ဖာတီကို အသင်းကနေ ရောင်းချသွားဖို့ လုံးဝ ဆန္ဒမရှိကြောင်းနဲ့ ဖာတီက အခု ဘောလုံးရာသီရဲ့ လက်ကျန် ရာသီဝက်မှာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေမှာ ဖြစ်သလို အသင်းရဲ့ အနာဂတ်မှာပါ အရေးပါနေမယ့်သူ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ မက်ဆီ ကျောနံပါတ်ကို ဆက်ခံထားရသူ ဖာတီ ဟာ ဘာစီလိုနာနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။
Featured Photo : The Sun