အက်စတွန်ဗီလာနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ဂါဘရီရယ် အဘွန်လဟောက အာဆင်နယ် တိုက်စစ်ကစားသမား အယ်ဒီ အန်ခီတီယာ အနေနဲ့ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူပေးနိုင်မဲ့ ကစားသမားတစ်ဦး မဟုတ်ဘူးလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Eddie

Photo Credit : beIN SPORTS

ချယ်လ်ဆီး အကယ်ဒမီထွက် ကစားသမား တိုက်စစ်မှူး အန်ခီတီယာဟာ အာဆင်နယ်မှာ အဓိက တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူး ဒူးဒဏ်ရာ ရရှိသွားချိန် အသင်းအတွက် ပုံမှန်ကစားခွင့်တွေ ရရှိလာရင်း သွင်းဂိုးတွေလည်း သွင်းယူပေးနိုင်ခဲ့ပေမဲ့လည်း အဘွန်လဟောကတော့ အန်ခီတီယာ က အာဆင်နယ် အတွက် အားထားရလောက်တဲ့ တိုက်စစ်မှူးမျိုး ဖြစ်မနေဘူးလို့ သုံးသပ်လာခဲ့ပါတယ်။

Nketiah

Photo Credit : SportsMax

အန်ခီတီယာဟာ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ထိပ်တိုက်ပွဲစဉ်မှာ အာဆင်နယ် အသင်းအတွက် ပွဲထွက် ကစားလာခဲ့ရင်း ချေပဂိုး ဖြစ်လာစေမဲ့ ပင်နယ်တီ ကန်သွင်းမှု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့လည်း တစ်ပွဲလုံး အတိုင်းအတာအရ ပြန်ကြည့်မယ်ဆိုရင် အသင်းတိုက်စစ်အတွက် အားကိုးလောက်စရာ စွမ်းဆောင်မှုမျိုး မတွေ့ခဲ့ရသလို big chances (၂)ကြိမ်လောက်ကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။ ဒါ့အပြင် တစ်ပွဲလုံးရဲ့ ဘောလုံးထိချက် အကြိမ်ရေ အနည်းဆုံး ကစားသမားလည်း ဖြစ်ခဲ့တဲ့အပြင် တိကျတဲ့ ဂိုးကန်သွင်းမှုတွေလည်း မလုပ်ဆောင်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
Agbonlahor slams Arsenal

Photo Credit : Sportskeeda

အန်ခီတီယာရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး အဘွန်လဟောက “သူ လုံးဝကို ကောင်းမွန်ခဲ့ပေမဲ့ သူက ကမ္ဘာ့အဆင့်မီ တိုက်စစ်ကစားသမားမျိုးတော့ မဟုတ်ပါဘူး။ မန်ချက်စတာစီးတီးမှာက ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူးတစ်ဦး ရှိနေခဲ့ပြီး အာဆင်နယ်နဲ့ ပွဲမှာပဲ သူရဲ့ hold-up play ကိုရော အဆုံးသတ်ပိုင်းကိုပါ ပြသသွားခဲ့တယ်။ အယ်ဒီ အန်ခီတီယာ က world-class တိုက်စစ်မှူး မဟုတ်ပါဘူး။ သူက ဂါဘရီရယ် ဂျေဇူးနေရာအတွက် (၅)ပွဲ (၆)ပွဲ (၇)ပွဲ (၈)ပွဲလောက် ပါဝင်ကစားနိုင်မလားဆိုရင် ကစားနိုင်မယ်လို့ ပြောရပါမယ်။ ဒါပေမယ့် သူက အာဆင်နယ် အသင်းအတွက် အမှတ်ပေး ဆုဖလားကို ရယူပေးနိုင်မှာတော့ မဟုတ်ပါဘူး” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Featured Photo : Sky Sports