စမတ်ဖုန်း လောကအတွက် ၂၀၂၂ ခုနှစ်ဟာ အားသွင်းနည်းပညာချင်း ပြိုင်တဲ့ နှစ်လို့တောင် ဆိုနိုင်ပါတယ်။ ဒီနှစ်ထဲမှာ ဖုန်းတစ်လုံးကို ၅ မိနစ်နဲ့ ဘက်ထရီအား ၅၀% ရောက်အောင် သွင်းနိုင်တဲ့ Charging နည်းပညာတွေ ထွက်လာနေပါတယ်။

မကြာခင်မှာ OPPO က 4500mAh ဖုန်းတစ်လုံးကို ၉ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် 240W SuperVooC အားသွင်းနည်းပညာကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ လောလောဆယ် ၂၀၂၂ ခုနှစ်မှာ မိတ်ဆက်ထားတဲ့ စမတ်ဖုန်း ဈေးကွက်ထဲက အားသွင်းအမြန်ဆုံးဖုန်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) Realme GT Neo 3

Realme GT Neo 3

Photo : GSMArena

ဆန်းသစ်ကွဲပြားတဲ့ ဒီဇိုင်းနဲ့ အမိုက်စား Flagship ဖုန်းတွေ ထုတ်လာနေတဲ့ realme က ပြီးခဲ့တဲ့ မတ်လထဲမှာ 150W UltraDart Charging သုံး realme GT Neo 3 ကို ကြေညာသွားပါတယ်။ စမတ်ဖုန်း လောကမှာ ပထမဆုံး 150W အားသွင်းနည်းပညာနဲ့ လာတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ 4500mAh ဘက်ထရီသုံး realme GT Neo 3 150W Edition ဟာ ၅ မိနစ်အားသွင်းတာနဲ့ ဘက်ထရီပါဝါ သုညကနေ ၅၀% ကို ရောက်စေမှာပါ။

(၂) Xiaomi 11i HyperCharge 5G

xiaomi-11-i-series2_805

Photo : themrphone

ဒီနှစ် ဇန်နဝါရီလထဲမှာ အလတ်တန်းစားဈေးနဲ့ ဖြန့်ချိခဲ့တဲ့ Xiaomi ထိပ်တန်းမော်ဒယ်သစ် Xiaomi 11i HyperCharge 5G ဟာ 4500mAh ဘက်ထရီ သုံးထားပြီး 120W Fast Charging ကြောင့် ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။

(၃) Black Shark 5 & 5 Pro

black-shark-5-pro

Photo : xiaomiplanet

နာမည်ကျော် Xiaomi Gaming ဖုန်းတစ်လုံး ဖြစ်တဲ့ Black Shark စီးရီးကနေ ဒီနှစ်ထဲ မိတ်ဆက်လာတဲ့ Black Shark 5 နဲ့ 5 Pro ဟာ ဂိမ်းဖုန်းတွေထဲမှာ ဈေးသင့်တဲ့ မော်ဒယ်တွေလို့ ဆိုနိုင်ပါတယ်။ နှစ်မျိုးစလုံးက 4650mAh ဘက်ထရီ သုံးထားပြီး ကြော်ငြာမှာတော့ ၁၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ်လို့ ဖော်ပြထားပါတယ်။

(၄) Redmi K50 Gaming

redmi k50 gaming

Photo : xiaomiadictos

Fast Charging မှာ နာမည်ကြီးတဲ့ Xiaomi ရဲ့ နောက်ထပ် Redmi K Series မော်ဒယ်ပါ။ ဒီနှစ်ထဲ ထွက်ခဲ့တဲ့ Redmi K50 Pro နဲ့ K50 Gaming တွေဟာ 120W Charging Support ပေးထားပါတယ်။ 5000mAh ပါ Redmi K50 pro ကတော့ ၁၉ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ ကြေညာထားပြီး 4700 mAh ဘက်ထရီသုံး Gaming Edition ကတော့ ၁၇ မိနစ်နဲ့ အားအပြည့်ဖြည့်နိုင်မယ်လို့ ဆိုပါတဘ်။

(၅) Vivo iQOO9 Pro

Vivo-iQOO-9_Yoast-image-packshot-review

Photo : wallpicnews

120W Fast Charging သုံး နောက်ဆုံးပေါ် Flagship တရုတ်ဖုန်းတွေထဲမှာ Vivo iQOO 9 Pro လည်း ပါဝင်ပါတယ်။ ဘက်ထရီဆိုဒ် 4700mAh အားသုံးထားတဲ့ ဒီဖုန်းဟာ 120W Charging ကြောင့် မိနစ် ၂၀ အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ ကြော်ငြာထားပါတယ်။

Featured Photo : GSMArena