လူတစ်ယောက်မှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာအားလုံးရဲ့ ဇစ်မြစ်က Unhealthy Lifestyle တစ်ခုကို မွေးမြူထားမိလို့ပါပဲ။ အသက် ၃၀ အောက် အမျိုးသားတွေအတွက် စိတ်ရောကိုယ်ပါကျန်းမာရေးကို မြှင့်တင်နိုင်မယ့် နည်းလမ်းလေးတွေ အများကြီးရှိပါတယ်။ ဒီထဲကမှ စက်ဘီးစီးခြင်းဟာ အကျိုးကျေးဇူးများစွာပေးနိုင်တဲ့ အထိရောက်ဆုံး အားကစားနည်းတစ်ခု ဖြစ်ပါတယ်။ စက်ဘီးစီးတာက ကျန်းမာရေးအတွက်အရမ်းကောင်းတယ်လို့ပြောတာကို မကြာခဏကြားနေရပေမယ့် ကိုယ်တိုင် မစီးဖြစ်သေးဘူးဆိုရင်တော့ အခုကစပြီး စက်ဘီးစီးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကွီးတို့ စက်ဘီးစီးခြင်းကို စတင်တာနဲ့ အခုပြောပြမယ့် အကျိုးကျေးဇူးတွေကို ကိုယ်တိုင် လက်တွေ့ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

(၁) ဝိတ်ကျစေတယ်

Photo : SIROKO

စက်ဘီးစီးခြင်းဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ကယ်လိုရီများများ လောင်ကျွမ်းစေရုံသာမက Quads ၊ တံကောက်ကြော ၊ ခြေသလုံးကြွက်သား ၊ Biceps ၊ Glutes ၊ ပခုံးနဲ့ နောက်ကျောကြွက်သားတွေအပေါ်ပါ ထိရောက်မှုရှိစေပါတယ်။ ဒါကြောင့် စက်ဘီးပုံမှန်စီးမယ်ဆိုရင် အဆီကျစေတဲ့အပြင် ကြွက်သားတွေကိုလည်း သန်မာလာစေမှာ ဖြစ်ပါတယ်။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

Photo : Polar

စက်ဘီးစီးခြင်းဟာ အမျိုးသား/အမျိုးသမီးအားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ အေရိုးဗစ်လေ့ကျင့်ခန်းဖြစ်တာကြောင့် နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ စက်ဘီးစီးတဲ့အခါ နှလုံးဆီကို အောက်ဆီဂျင်များများ ပိုရစေတဲ့အတွက် နှလုံးကိုအလုပ်ပိုလုပ်စေပြီး နှလုံးရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်လာစေမှာပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ စက်ဘီးစီးတာက နှလုံးနဲ့ အဆုတ်တွေကို ကောင်းမွန်စေပြီး နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

(၃) ကြွက်သားတွေကို သန်မာစေတယ်

Photo : The Cyclist Guy

ကွီးတို့ ကိုယ်တိုင် စက်ဘီးစီးတာနဲ့ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ ကြွက်သားတွေကို သန်မာလာစေတာပဲ ဖြစ်ပါတယ်။ ပုံမှန် စက်ဘီးစီးသူတွေဟာ စက်ဘီးမစီးတဲ့သူတွေထက် ပိုမိုသွက်လက်ဖျက်လက်ပြီး ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်စွမ်းအားကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ တစ်ပတ်ကို ၄ ရက် ၊ တစ်ရက်ကို ၄၅ မိနစ်ခန့် စက်ဘီးစီးတာနဲ့ ကွီးတို့ရဲ့ ခြေသလုံးကြွက်သားတွေ ၊ ပေါင်ကြွက်သားတွေ ၊ တံကောက်ကြောကြွက်သားတွေ ၊ Glutes ၊ တင်ပါးဆုံကြွက်သားတွေ ၊ နောက်ကျောကြွက်သားတွေ ၊ ပခုံးနဲ့ လက်မောင်းကြွက်သားတွေကို အားကောင်းသန်မာလာစေမှာ ဖြစ်ပါတယ်။

(၄) အရိုးအဆစ် နာကျင်မှုတွေကို သက်သာစေတယ်

cycling

Photo : We Love Cycling

အံ့သြစရာပါပဲ။ စက်ဘီးစီးတာက အဆစ်အမြစ်တွေ ကိုက်ခဲတာ ၊ အထူးသဖြင့် ဒူးနာဝေဒနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ပုံမှန်စက်ဘီးစီးခြင်းက အဆစ်တွေရဲ့လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အသေးစားအဆစ်နာကျင်မှုတွေ သို့မဟုတ် တင်ပဆုံရိုးနာကျင်ကိုက်ခဲမှုဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပြီး အရိုးအဆစ်တွေကို ပြန်လည်ကောင်းမွန်လာစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ အရိုးအဆစ်တွေနဲ့ ပတ်သတ်ပြီး ပြဿနာတစ်စုံတစ်ရာရှိနေတယ်ဆိုရင်တော့ စက်ဘီးစီးခြင်းဖြင့် နာကျင်ကိုက်ခဲမှု ဝေဒနာတွေကို ကိုယ်တိုင် ကုသလို့ရနိုင်ပါတယ်။

(၅) ကိုယ်ဟန်အနေအထားကို တိုးတက်ကောင်းမွန်စေတယ်

cycling

Photo : We Love Cycling

စက်ဘီးစီးတာက ကွီးတို့ရဲ့ခန္ဓာကိုယ် ကိုယ်ဟန်အနေအထားနဲ့ ပတ်သတ်ပြီး ဟန်ချက်ညီအောင် အများကြီးလုပ်ဆောင်ပေးပါတယ်။ ဟုတ်ပါတယ် စက်ဘီးစီးတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ပေါင်းစပ်မှုကို တိုးတက်စေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေကို အားကောင်းလာစေတာကြောင့် မှားယွင်းနေတဲ့ ကိုယ်ဟန်အနေအထားကို ပြုပြင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ကွီးတို့ ကိုယ်တိုင် တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် စက်ဘီးစီးရုံနဲ့ ကိုယ်ဟန်အနေအထား ပိုမိုမှန်ကန်တိုးတက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၆) Productivity တိုးစေတယ်

cycling

Photo : We Love Cycling

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာဟာ အဘက်ဘက်က အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကို တိုးတက်ကောင်းမွန်လာစေပါတယ်။ စက်ဘီစီးခြင်းဟာလည်း ထို့အတူပါပဲ။ ကြွက်သားနဲ့ အရိုးအဆစ်တွေရဲ့ ကြံ့ခိုင်သန်မာမှုကို တိုးတက်ကောင်းမွန်စေရုံမကပဲ ဦးနှောက်လုပ်ဆောင်ချက်တွေနဲ့ အာရုံစူးစိုက်မှုစွမ်းရည်တွေကိုပါ တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်တဲ့အပြင် အလုပ်ထဲမှာ ဒါမှမဟုတ် ကျောင်းမှာဖြစ်ဖြစ် တစ်နေ့တာအတွင်း လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေနဲ့ တာဝန်တွေကို စွမ်းဆောင်ရည်မြင့်မားစွာနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

(၇) လိင်မှုဘဝကို ပိုကောင်းစေတယ်

cycling

Photo : Bicycling Magazine

စက်ဘီးစီးခြင်းက ကွီးတို့ရဲ့လိင်မှုရေးရာဘဝအပေါ်မှာပါ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ စက်ဘီးစီးခြင်းဟာ နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို တိုးစေတဲ့ အထိရောက်ဆုံး အေရိုးဗစ်လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် ကိုယ့်ပါတနာနဲ့ ချစ်ကြည်နူးတစ်တီတူးချိန်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြနိုင်ဖို့ ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၈) ကင်ဆာရောဂါကို တိုက်ဖျက်ပေးတယ်

cycling

Photo : Bicycling Magazine

ယုံရခက်ပေမယ့် လေ့လာမှုများစွာအရတော့ စက်ဘီးစီးခြင်းဟာ ကင်ဆာရောဂါကို တိုက်ဖျက်ရာမှာ အများကြီး အကူညီပေးနိုင်တယ်လို့ ဆိုထားပါတယ်။ အဓိက ဒီနေ့ခေတ်လူတွေမှာတွေ့ရတဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့ အချက်တွေထဲကတစ်ခုက အထိုင်များတာပါ။ အထိုင်များတဲ့ နေထိုင်မှုပုံစံက ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံလာစေတာကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ချေကို မြင့်တက်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အထိုင်များတဲ့ ပြဿနာက DNA ပြောင်းလဲမှုနဲ့ ဆဲလ်တွေ ပျက်စီးမှုကိုဖြစ်တာကြောင့် နောက်ဆက်တွဲအနေနဲ့ ကင်ဆာရောဂါကို ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။ တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ စက်ဘီးစီးသူတွေဟာ ရင်သားကင်ဆာ ၊ အူမကြီးကင်ဆာတို့လို ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေနည်းကြောင်း လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။ စက်ဘီးစီးခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကို Active ဖြစ်စေပြီး DNA ဗီဇ ပြောင်းလဲခြင်းနဲ့ ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးတာကြောင့် ကင်ဆာရောဂါဖြစ်ပွားမှုကို တားဆီးကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ ကွီးတို့ ကိုယ်တိုင် စက်ဘီးစီးခြင်းကနေ ရနိုင်မယ့် ကောင်းကျိုးတွေအကြောင်း ဖြစ်ပါတယ်။ ကွီးတို့ရော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းနည်းတွေ များစွာရှိတဲ့အထဲကမှ စက်ဘီးစီးလေ့ကျင့်ခန်းပြလုပ်ရတာကို ကြိုက်နှစ်သက်လားဆိုတာ ကွန်းမန့်မှာဖြေခဲ့ပါဦးဗျ။

Featured Photo : We Love Cycling