၂၀၂၂ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန် ကလပ်အသင်း ပွဲစဉ်တွေ ပြန်လည် ကျင်းပချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲ ပါဝင်ကစားရင်းနဲ့ (၁၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့သလို သူရဲ့ ဒီရာသီ သွင်းဂိုး စုစုပေါင်းဟာဆိုရင်လည်း (၂၄)ဂိုးအထိကို ရှိသွားခဲ့ရပါတယ်။

Rashy

Photo Credit : Eurosport

လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်က မန်ယူနိုက်တက် စီနီယာ ကစားသမားဘဝကို စတင်ခွင့် ရရှိခဲ့သူ ရပ်ရှ်ဖို့ဒ် ဟာ အခုဆိုရင် မန်ယူနိုက်တက် ကစားသမားအဖြစ် (၈)ရာသီမြောက်ကို ဖြတ်သန်းနေရတာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာတော့ ရပ်ရှ်ဖို့ဒ်က မန်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၄၄)ပွဲကစား (၂၂)ဂိုး သွင်းယူကာ ကစားသမားဘဝရဲ့ အကောင်းဆုံးသော ရာသီတစ်ခုအဖြစ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီရာသီအပြီး နောက်ထပ် တစ်ရာသီမှာလည်း (၂၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါသေးတယ်။
Marcus Rashford

Photo Credit : Evening Standard

ဒါပေမဲ့ ရပ်ရှ်ဖို့ဒ် ဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံးမှာ (၃၂)ပွဲအတွင်း (၅)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အထိ ရုပ်ပျက်ဆင်းပျက် ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ဒီလို ဆိုးရွှားလွန်းလှတဲ့ သူရဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်းပရိသတ်တွေကပါ ရပ်ရှ်ဖို့ဒ်ကို အသင်းကနေ ရောင်းထုတ်စေချင်တဲ့အထိ ဖြစ်ခဲ့ရပေမဲ့ ဒီရာသီ အသင်းကို နည်းပြ အဲရစ် တန်ဟက်ဂ် ရောက်ရှိလာချိန်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ အခြေအနေတွေဟာလည်း လုံးဝ ပြောင်းလဲလာခဲ့ရပြီး အသင်းအတွက် အလွန် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Marcus

Photo Credit : Sporting News

နည်းပြ တန်ဟက်ဂ် က ရပ်ရှ်ဖို့ဒ်ရဲ့ မှေးမှိန်နေတဲ့ ခြေစွမ်းတွေကို အရောင် ပြန်တောက်ပလာအောင် အကောင်းဆုံး ပေါ်လစ်တင်ပေးခဲ့ပြီး ကစားသမားတစ်ယောက်အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ယုံကြည်မှုကိုပါ ပေးစွမ်းခဲ့ပြီးနောက်မှာတော့ ရပ်ရှ်ဖို့ဒ်ဟာ သရဲနီရဲ့ ဂိုးသွင်းစက်ကြီးအဖြစ် ပြောင်းလဲလာရပါတော့တယ်။ အခုဆိုရင်တော့ ရပ်ရှ်ဖို့ဒ် ဟာ ဒီရာသီ ပြိုင်ပွဲစုံ (၃၆)ပွဲအတွင်း (၂၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို သူရဲ့အကောင်းဆုံး ဘောလုံးရာသီအဖြစ် စွမ်းဆောင်ထားသလို လက်ကျန် ပွဲပေါင်းများစွာလည်း ကျန်ရှိနေသေးတာကြောင့် နောက်ထပ် သွင်းဂိုးတွေ ဘယ်လောက်အထိ ထပ်မံ သွင်းယူနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

Featured Photo : Twitter