ဒီနေ့ စနေနေ့ည တနည်းအားဖြင့် ဥရောပ အမှတ်ပေး ဘောလုံးပွဲစဉ်တွေ ပြန်စတင်မဲ့ ညချမ်းမှာ ဘောလုံး ပရိသတ် ကွီးတွေအတွက် စောင့်ကြည့်သွားသင့်တဲ့ ပွဲကောင်းတစ်ပွဲအကြောင်းကို တင်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ ဒါကတော့ လက်စတာအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ပါ။ ဒီနေ့ည (၉)နာရီခွဲမှာ ကစားပါမယ်ဗျ။
Photo Credit : Twitter
(၄)ပွဲဆက်တိုက် ရှုံးပွဲမရှိထားတဲ့ လက်စတာအသင်းက မန်ယူနိုက်တက်နဲ့ ရင်ဆိုင်လိုက်ရချိန်မှာပဲ ဂိုးပြတ် ရှုံးပွဲတွေ့သွားခဲ့သလို မန်ယူနိုက်တက်အပြီး အာဆင်နယ်နဲ့ပါ ထပ်မံ ဆုံတွေ့ရမှာဖြစ်လို့ ဒါက လက်စတာအတွက် ကံဆိုးမှုလို့ သတ်မှတ်နိုင်ပါတယ်။ လက်စတာက ကင်းပါဝါမှာ အာဆင်နယ်နဲ့ နောက်ဆုံး(၃)ကြိမ် ဆုံတွေ့ခဲ့ရာ (၃)ကြိမ်လုံး ရှုံးပွဲတွေ့ထားခဲ့ရတဲ့ အစဉ်အလာတွေ ရှိနေတဲ့အပြင် အာဆင်နယ်ရဲ့ လက်ရှိ form ကြောင့်ပါ အတော်လေး ခက်ခဲတဲ့ ပွဲတစ်ပွဲကို ကစားသွားရဖို့ ရှိနေနိုင်ပါတယ်။
Photo Credit : Eurosport
အာဆင်နယ်ကတော့ ဗီလာပတ်ခ်မှာ အိမ်ရှင်ဗီလာရဲ့ (၂)ကြိမ်တိုင်တိုင် ဦးဆောင်မှု နောက်ကနေ လိုက်ကစားရင်း လိုအပ်တဲ့ အနိုင်(၃)မှတ်ကို ပိုင်ဆိုင်ခဲ့ရတဲ့အတွက် စိတ်ဓါတ်ပိုင်းမှာ အမြင့်ဆုံး ရောက်ရှိနေနိုင်သလို ပွဲတိုင်းမှာလည်း အမှတ်တွေ ထပ်မံ မဆုံးရှုံးရအောင် သတိထား ကစားလာနိုင်ပါတယ်။ ဗီလာနဲ့ အဝေးကွင်းပွဲမှာ အာဆင်နယ်ရဲ့ ကောင်းမွန်တဲ့ character တွေကို ပြသထားနိုင်ခဲ့လို့ ကင်းပါဝါ မှာလည်း အိမ်ရှင် လက်စတာကို သေချာပေါက် အနိုင်ရအောင် ကစားလာဖို့ ပြင်ဆင်လာပါလိမ့်မယ်။
Photo Credit : Pain in the Arsenal
လက်စတာက လန်ဒန် အခြေစိုက်ကလပ် တော့တင်ဟမ်ဟော့ စပါးအသင်းကို အိမ်ကွင်း ကင်းပါဝါ မှာ (၄-၁)ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ယူထားခဲ့တာဖြစ်လို့ ဒါက အာဆင်နယ်တို့အတွက် သတိထားချင်စရာလို့ ယူဆနိုင်ပေမဲ့ လက်စတာက ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲတွေမှာဆိုရင် စွမ်းဆောင်ရည် နိမ့်ပါးလွန်းနေပြီး အိမ်ကွင်းမှာလည်း စပါး လိဒ်စ်နဲ့ နော်တင်ဟမ်တို့ကိုသာ အနိုင်ရထားပါတယ်။ အာဆင်နယ်ကတော့ အဝေးကွင်း (၁၂)ပွဲအတွင်း (၂၈)မှတ်ထိ စုဆောင်းထားနိုင်ပြီး (၈)မှတ်သာ ဆုံးရှုံးထားခဲ့ပါတယ်။ ဒီလို အဝေးကွင်း ရလဒ်တွေ ကောင်းမွန်လို့နေတဲ့ အာဆင်နယ်က ကင်းပါဝါမှာ အိမ်ရှင် လက်စတာအသင်းဆီကနေ အမှတ်ပြည့် ရယူသွားနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။
Featured Photo : The Sun