မနေ့ညက အက်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွေ ကစားလို့အပြီး ကွာတားဖိုင်နယ် ပွဲစဉ်များအတွက် မဲနှိုက် ရေးဆွဲမှုတွေ ပြုလုပ်လာခဲ့ရာ ဒီရာသီ အက်အေဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ မန်စီးတီးအသင်းက ချန်ပီယံရှစ်က ဘန်လေအသင်းနဲ့ ထိပ်တိုက် ဆုံတွေ့နေပြီး ပက်ဂွာဒီယိုလာနဲ့ သူ့တပည်ကျော် ကွန်ပနီတို့ ပြိုင်ဘက်တွေအဖြစ် ပြန်လည် ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

guardiola kompany

Photo Credit : The Mirror

မန်စီးတီးအသင်းက အက်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ်အသင်းနဲ့ တွေ့ဆုံခဲ့ရာ (၀-၃)နဲ့ အပြတ်အသတ် အနိုင်ရပြီး ကွာတားဖိုင်နယ်ဆီ တတ်လှမ်းခဲ့သလို ကွန်ပနီရဲ့ ဘန်လေကလည်း ကစားသမားတစ်ယောက်လျော့နေတဲ့ ဖလိဝုဒ်အသင်းကို နောက်ကျ သွင်းဂိုးနဲ့ အနိုင်ယူရင်း ကွာတားကို တတ်လှမ်းခဲ့ပါတယ်။ ဒီလို ကွာတားဆီ အသီးသီး တတ်လှမ်းလာခဲ့ကြတဲ့ အသင်းနှစ်သင်းက ကွာတားပွဲစဉ်တွေအတွက် မဲနှိုက်ရေးဆွဲရာမှာတော့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြနေခဲ့ပြီး ဆရာတပည့် နှစ်ယောက်ဟာလည်း ပြိုင်ဘက်တွေအဖြစ် ပထမဆုံးအကြိမ် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
Arteta, Kompany and Xavi

Photo Credit : Daily Mail

ထူးခြားချက်တစ်ခုကတော့ ဒီနှစ်ဘောလုံးရာသီထဲမှာ နည်းပြ ဂွာဒီယိုလာရဲ့ တပည့်တွေဖြစ်သော အာတီတာ ကွန်ပနီနဲ့ ဇာဗီတို့ (၃)ဦးလုံးက သူတို့တွေရဲ့ သက်ဆိုင်ရာ အမှတ်ပေးလိဂ်တိုင်းမှာ ထိပ်ဆုံးနေရာတွေကနေ ဦးဆောင်ထားတာဟာ ထူးခြားပါတယ်။ အာတီတာက အာဆင်နယ်ကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာဆီ ပို့ဆောင်ထားသလို ကွန်ပနီကလည်း ဘန်လေကို ချန်ပီယံရှစ် အမှတ်ပေးဇယား ထိပ်ဆုံးဆီ ပို့ဆောင်ထားပြီး ပရီးမီးယားလိဂ်ဆီ ပြန်လည် တတ်လှမ်းနိုင်ဖို့ အလားအလာကောင်းတစ်ခုပါ ဖော်ဆောင်ထားနိုင်ပါတယ်။ ဒါ့အပြင် ဇာဗီဆိုရင်လည်း စူပါဖလားမှာ ဗိုလ်စွဲထားပြီး လာလီဂါမှာလည်း အဆင့်(၁)နေရာနဲ့ ရပ်တည်လို့နေပါတယ်။

city burnley

Photo Credit : BeSoccer

ဒါပေမဲ့ ဆရာပက်က သူရဲ့တပည့်တွေထဲကမှ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူ တပည့်ဟောင်း အာတီတာနဲ့ ဒီရာသီထဲမှာ (၂)ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ရာ (၂)ကြိမ်စလုံး အနိုင်ရထားခဲ့သလို တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ အက်အေဖလားပြိုင်ပွဲမှာလည်း ဆရာပက်က အာတီတာရဲ့ အာဆင်နယ်အသင်းကို ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခု နောက်ထပ် သူရဲ့တပည့်ဟောင်း ကွန်ပနီရဲ့ ဘန်လေအသင်းနဲ့ ထပ်မံ တွေ့ဆုံရချိန်မှာ ဆရာပက်တစ်ယောက် ဘာတွေ ထပ်ပြီး လုပ်ပြသွားနိုင်မလဲ ဒါမှမဟုတ် တပည့်ကျော် ကွန်ပနီက ဆရာပက်ကို ဘယ်လို ဒုက္ခပေးသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Featured Photo : Manchester City FC