ခန္ဓာကိုယ်မှာ အဆီပို တွေရှိနေတာ ကွီးတို့ကို စမတ်မကျစေပါဘူး။ ဒါ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးမဖြစ်စေပါဘူး။ ခန္ဓာကိုယ်ကျန်းမာ သန်စွမ်းပြီး ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ကောင်းစေချင်ရင်တော့ အဆီပိုတွေကို လောင်ကျွမ်းပစ်ရမှာပါ။ ခန္ဓာကိုယ်မှာ အဆီပါဝင်မှုနည်းခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အပြင် ကြွက်သားများကိုလည်း ကျစ်လစ်သန်မာစေပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးမပေးတဲ့ အဆီတွေကို လောင်ကျွမ်းပစ်လိုက် ဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁) ကြိုးခုန်ခြင်း
Photo : Men’s Health
ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အဆီတွေကို လောင်ကျွမ်းပစ်လိုက် ဖို့ ပထမဆုံးဖော်ပြပေးချင်တဲ့ လေ့ကျင့်ခန်းတစ်ခုကတော့ ကြိုးခုန်ခြင်းပဲ ဖြစ်ပါတယ်။ ကြိုးခုန်ခြင်းက ရိုးရှင်းတယ်လို့ ထင်ရသော်လည်းပဲ တစ်ကိုယ်လုံးကို ထိရောက်စေတဲ့ ခန္ဓာကိုယ်ပြည့် လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ ကြိုးခုန်ခြင်းက အဆီတွေကို လျင်မြန်ထိရောက်စွာ လောင်ကျွမ်းစေရုံသာမက အရိုးသိပ်သည်းဆကို အထောက်အကူပြုကာ ခြေထောက်များကို ပိုမိုသန်မာစေပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
လေ့ကျင့်ခန်း (၂) Burpee
Photo : Men’s Health
အဆီပိုတွေကို လောင်ကျွမ်းစေချရင် ဒီလေ့ကျင့်ခန်းကတော့ အမြဲမပါမဖြစ်ပါပဲ။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်မှာ စုနေတဲ့ အဆီတွေကို လောင်ကျွမ်းစေရုံသာမက တစ်ကိုယ်လုံးကို ထိရောက်စေတဲ့ လေ့ကျင့်ခန်းတစ်ခုဆိုလည်း မမှားပါဘူး။
လေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ပထမဆုံး ခြေထောက်ကို ပခုံးအကွာအဝေးအတိုင်းထားပြီး မတ်တပ်ရပ်ပါ။ ထို့နောက် လက်ဖဝါးများကို ပုံတွင်ပြထားသည့်အတိုင်း ကြမ်းပြင်ပေါ်သို့ Plank ထောက်သကဲ့သို့ အနေအထားဖြင့် ခန္ဓာကိုယ်ကိုနှိမ့်လိုက်ပါ။ ပြီးနောက် လှုပ်ရှားမှု မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ထပြီး မတ်တပ်ရပ်ပြီး ခုန်လိုက်ပါ။ ထိုကဲ့သို့ ဆက်တိုက်ပြုလုပ်သွားပါ။
လေ့ကျင့်ခန်း (၃) Walking Lungs
Photo : Men’s Health
ဒီလေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ်အတွက် ကောင်းကျိုးမပေးတဲ့ အဆီတွေကို ဖယ်ရှားပစ်ဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။
လေ့ကျင့်ခန်းကိုလုပ်မယ်ဆိုလျှင် ပထမဆုံးအနေနဲ့ မတ်မတ်ရပ်ပါ။ ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း မတ်တပ်ရပ်နေသော အနေအထားကနေ ဘယ်ခြေထောက်ဖြင့် ရှေ့တစ်လှမ်းတိုးကာ ဒူးနှစ်ဖက်ကို ၉၀ ဒီဂရီကွေးပြီး တင်ပါးကို ကြမ်းပြင်ဆီသို့ နှိမ့်ချလိုက်ပါ။ ထိုအခါ ညာခြေရဲ့ဒူးဆစ်သည် ကြမ်းပြင်ဆီသို့ ကွေးညွှတ်သွားသော်လည်း အမှန်တကယ် ကြမ်းပြင်ကိုမထိပါဘဲ ခြေကျင်းဝတ်အပေါ်နား လောက်သာရှိသင့်ပါတယ်။ ထို့နောက် ဘယ်ခြေထောက်ကို ကွေးညွှတ်စေပြီး ညာခြေထောက်ကိုတစ်ဖန် ရှေ့သို့ တစ်လှမ်းတိုးပါ။ ထို့သိုဖြင့် ရှေ့ကို ဘယ်ခြေတစ်လှည့် ညာခြေတစ်လှည့် ဆက်တိုက် ပြုလုပ်သွားပါ။
လေ့ကျင့်ခန်း (၄) Mountain Climber
Photo : Men’s Health
ဒီလေ့ကျင့်ခန်းကလည်း အဆီတွေကို လောင်ကျွမ်းစေမဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး အထူးသဖြင့် ဝမ်းဗိုက်အဆီတွေကို ထိထိမိမိ လောင်ကျွမ်းစေပါတယ်။
လေ့ကျင့်ခန်းကို စတင်လုပ်မယ်ဆိုရင် ကြမ်းပြင်ပေါ်မှာ တောင်တတ်မဲ့ပုံစံအတိုင်း လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်တွင် ထောက်လျက် ဘယ်ခြေထောက်တစ်ဖက်ကို ထောက်ပြီး ညာခြေကို ရှေ့သို့လှမ်းမဲ့ပုံစံအနေအထား ဖြစ်ပါစေ။ ဒါက စတင်တဲ့ အနေအထားဖြစ်ပါတယ်။ ထို့နောက် ညာဘက်ခြေဖဝါးကို ကြမ်းပြင်မှ ရုတ်သိမ်းလိုက်ပြီး ညာဘက်ဒူးကို ရင်ဘတ်ဆီသို့ တွန်းပါ။ ပြီးလျှင် ညာခြေကို ကြမ်းပြင်ပေါ်ထောက်လျက် ဘယ်ခြေကိုရင်ဘတ်ဆီသို့ တွန်းတင်ပါ။ ထိုကဲ့သို့ ဆက်တိုက်ပြုလုပ်သွားပါ။
လေ့ကျင့်ခန်း (၅) Plank Jack
Photo : Flab Fix
အဆီတွေလောင်ကျွမ်းစေပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်မျိုး ရရှိစေဖို့ ကူညီပေးနိုင်တဲ့ နောက်ထပ်လေ့ကျင့်ခန်း တစ်ခုကတော့ Plank Jack ပဲဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် အရင်ဆုံး ကွီးတို့အနေနဲ့ Plank အနေအထားအတိုင်း ကြမ်းပြင်ပေါ်တွင်လက်များကို ပခုံးနဲ့အညီ ထောက်လျက် နောက်ကျောကို တစ်ဖြောင့်တည်းထားလျက် စတင်ပါ။ ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း ခြေထောက်များကို ဘေးသို့ ကျယ်ကျယ်ခုန်လိုက်ပါ။ ဒီလေ့ကျင့်ခန်းက နည်းနည်းခက်ခဲပေမဲ့ အရှိန်အဟုန်ဖြင့် လျင်လျင်မြန်မြန် ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၆) လမ်းလျှောက်ခြင်း
Photo : PNG All
အလွယ်ကူဆုံးနဲ့ လူတိုင်းလုပ်နိုင်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေမဲ့ ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုကတော့ လမ်းလျှောက်ခြင်းပဲ ဖြစ်ပါတယ်။
လမ်းလျှောက်ခြင်းက ကွီးတို့ရဲ့ ဦးနှောက်ကနေ ခြေချောင်းအထိ၊ ခန္ဓာကိုယ် တစ်ခုလုံးပေါ်သို့ လုံးလုံးလျားလျားသက်ရောက်စေသည့် အသုံးအများဆုံးနှင့် ထိရောက်သော လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အေးဆေးဆေးဆေး လမ်းလျှောက်ခြင်းကတော့ သိပ်ပြီး ထူးခြားမှာမဟုတ်ပါဘူး။ အဆီလောင်ကျွမ်းရန်စေဖို့ လျင်လျင်မြန်မြန်နဲ့ သွက်သွက်လက်လက် အားစိုက်ပြီး လျှောက်ဖို့လိုပါတယ်။ မြန်မြန်လမ်းလျှောက်လေ၊ ပိုဝေးဝေးလမ်းလျှောက်လေလေ သို့မဟုတ် မကြာခဏ လမ်းလျှောက်လေလေ၊ အကျိုးကျေးဇူးများလေလေပါပဲ။
လေ့ကျင့်ခန်း (၇) Battle Ropes လေ့ကျင့်ခန်းများ
Photo : Decathlon
အဆီပိုတွေကို တကယ်ထိထိရောက်ရောက် လောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းများထဲမှာ Battle Ropes လေ့ကျင့်ခန်းများကလည်း အပါအဝင်ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက အဆီလောင်ကျွမ်းစေခြင်း၊ ကြွက်သားတည်ဆောက်ခြင်းနှင့် Cardio Conditioning ကို တိုးတက်ကောင်းမွန်စေသော လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးချကာ ပြုလုပ်ရသော လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။
ကဲ…. ကွီးတို့ရေ ခန္ဓာကိုယ်မှာရှိနေတဲ့ ကောင်းကျိုးမပေးတဲ့ အဆီတွေကို ဒီလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပြီး လောင်ကျွမ်းပစ်လိုက် ရအောင်ဗျာ။
Source : Men’s Health
Featured Photo : Men’s Health