ဘိုင်ယန်က မန်စီးတီးအသင်းကို (၃)ဂိုး ဂိုးမရှိဆိုတဲ့ ခါးခါးသီးသီး ရလဒ်မျိုးနဲ့ ပြတ်သားစွာ အရေးနိမ့်ခဲ့ရတဲ့အပြင် ပွဲအပြီးမှာလည်း အသင်းရဲ့ အဓိက ကစားသမားနှစ်ဦးဖြစ်သူ ဆာဒီယို မာနေး နဲ့ လီရွိုင်း ဆာနေး တို့ပါ ရန်ဖြစ်ခဲ့ကြပြီး ထိုးကြိတ်တဲ့အထိပါ ဖြစ်ခဲ့ရလို့ ဒီရှုံးပွဲထက် ဒီရှုံးပွဲရဲ့ နောက်ဆက်တွဲ အခြေအနေတွေက ပိုမို ရုပ်ပေါက်သွားခဲ့ရပါတယ်။
Photo Credit : Goal
ဘိုင်ယန်မြူးနစ်ဆိုတာ ဒီရာသီ ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ အရမ်းကြမ်းနေတဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့်လည်း မန်စီးတီးနဲ့ ကွာတားအဆင့်မှာ တွေ့ဆုံခဲ့ရာ (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် ရှုံးခဲ့ရသလို အဲ့ဒီပွဲမှာ ဂိုးသမား ဆွန်းမားသာ လက်စွမ်းမပြနိုင်ဘူးဆိုရင် ဒီထက်တောင် အခြေအနေ ဆိုးရွှားသွားနိုင်ပါတယ်။ ပထမကျော့မှာပဲ (3-0) ဆိုတဲ့ ရလဒ်မျိုး ထွက်ပေါ်ခဲ့သလို အသင်းက ကစားသမား နှစ်ဦးဟာလည်း အကျည်းတန်စွာ ခိုက်ရန် ဖြစ်ပွားခဲ့တယ်လို့ ဂျာမနီရဲ့ နာမည်ကြီး Blid သတင်းစာကနေ ဖော်ပြလာပါတယ်။
Photo Credit : Sky News
ရန်ပွဲ အဓိက ပါဝင်သူများဖြစ်တဲ့ မာနေးနဲ့ ဆာနေး တို့ဟာ မာနေး ဒုတိယပိုင်း ပွဲချိန်အတွင်း ဘိုင်ယန်အတွက် ပါဝင်ကစားခွင့် ရရှိပြီးနောက် ကွင်းအတွင်း အငြင်းအခုံ ဖြစ်ပေါ်မှုတွေ စတင်ခဲ့တာလို့ သိရပါတယ်။ မာနေးက နေရာလွတ်ထဲ ပြေးဝင်ချိန် ဆာနေးရဲ့ ဘောလုံးပေးပို့မှုက မာနေးဆီ မရောက်ရှိခဲ့ပဲ အကီရဲ့ ဖြတ်ထုတ်ခြင်းကို ခံလိုက်ရချိန်ကနေကတစ်ဆင့် ပြဿနာတွေက စတင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မာနေးက ဆာနေးရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး ပြောဆိုရာကနေ တဖြည်းဖြည်း အခြေအနေတွေက ပိုဆိုးလာခဲ့ကာ နောက်ဆုံးမှာတော့ အဝတ်လဲခန်းအတွင်း မာနေးက ဆာနေးမျက်နှာကို လက်သီးတစ်လုံး ထ ကျွေးလိုက်ရာ ဆာနေးလည်း နှုတ်ခမ်းကွဲသွားလို့ ဘိုင်ယန် အသင်းဖော်တွေ အားလုံးက ဒီနှစ်ယောက်ကို ဝိုင်းဆွဲခဲ့ကြရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
Photo Credit : Sky Sports
မာနေး က သူ့ဆီကို ဘောလုံး မပေးပို့တာမျိုးတွေ ၊ ဂိုးသွင်းယူဖို့ အသင့် နေရာယူထားတဲ့ သူ့ဆီ ဘောလုံးပေးပို့ခြင်း မရှိတာမျိုးဆို လက်မခံနိုင်တတ်သူ ဖြစ်ကြောင်း လီဗာပူးလ်မှာကတည်းက မြင်တွေ့ထားခဲ့ရဖူးပေမယ့် အခုလို စကား အချေအတင် ဖြစ်ရင်းကနေ ကိုယ့်အသင်းဖော်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မိခဲ့တဲ့ မာနေးရဲ့ ဘိုင်ယန်ကစားသမားဘဝက အဆုံးသတ်လုရနီးပါးအထိပါ ဖြစ်သွားခဲ့ရပြီလို့ ယူဆနိုင်ပါတယ်။
Featured Photo : Youtube