ကွီးတို့က Workout စလုပ်ဖို့ စဉ်းစားနေပါသလား။ ကြွက်သားတွေနဲ့ ကြည့်ကောင်းစေဖို့၊ ခန္ဓာကိုယ် ကျစ်လစ်စေဖို့၊ ကျန်းမာစေဖို့၊ ဝိတ်ကျစေဖို့ ဘယ်လိုအကြောင်းနဲ့ပဲ ဖြစ်ပါစေ Workout လုပ်တာက ကတယ်ကို ကောင်းပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်း‌စေရုံသာမက ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းစေပြီး လန်းဆန်းတတ်ကြွစေပါတယ်။ သို့သော်လည်း ဘာကြောင့်ပဲ Workout လုပ်လုပ် သိရှိလိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အခုမှ Workout စလုပ်မယ့် ကွီးတို့အတွက် သိထားရမယ့် အချက်လေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

သွေးပူလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ မမေ့ပါနဲ့

Workout လုပ်လုပ်

Photo : Men’s Health

ဘယ်လိုလေ့ကျင့်ခန်းကို မဆို မပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းများကို အချိန်အနည်းငယ်ပေးပြီး ပြုလုပ်ပေးသင့်ပါတယ်။ သွေးပူလေ့ကျင့်ခန်းမလုပ်ပဲ လေ့ကျင့်ခန်းများ ပြုလုပ်မယ်ဆိုပါက ကြွက်သားများ တောင့်တင်းနေခြင်းကြောင့် နာကျင်မှုကို ဖြစ်စေနိုင်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်မိပါက ဒဏ်ရာရသည်အထိ ဖြစ်နိုင်ပါတယ်။ သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကြွက်သားတောင့်တင်းမှုကို လျော့ကျစေနိုင်ပါတယ် (သွေးစီးဆင်းမှုကို တိုးစေခြင်းဖြင့်) ဒဏ်ရာဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ စွမ်းဆောင်ရည်ကို ပိုမြှင့်တင်ပေးနိုင်ကာ လေ့ကျင့်ခန်း ရလာဒ်ကိုလည်း ပိုမိုထိရောက်စေပါတယ်။

နည်းစနစ် မှန်ကန်မှု ရှိပါစေ

Workout လုပ်လုပ်

Photo : String SG

ကွီးတို့ရေ အခုဆိုရင် YouTube ကနေသော်လည်းကောင်း၊ Apps တွေကနေသော်လည်းကောင်း လေ့လာပြီး Workout တွေကို ပြုလုပ်နိုင်ပါတယ်။ ဒီလိုမျိုး မိမိဘာသာလေ့လာတဲ့ နေရာမှာ နည်းစနစ်ကျဖို့နဲ့ ကိုယ်နေဟန်ထား မှန်ကန်ဖို့က တကယ်ကို အရေးကြီးပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ ကိုယ်နေဟန်ထား မမှန်ကန်လို့ ဖြစ်စေ၊ နည်းစနစ်မှားနေလျှင်ဖြစ်စေ ကြွက်သားများ နာကျင်ခြင်း၊ အဆစ်များ နာကျင်ရောင်ရမ်းခြင်း စတာတွေအပြင် ပြင်းထန်တဲ့ ဒဏ်ဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကောင်းမွန်သောလေ့ကျင့်ခန်း ရလာဒ်ကိုလည်း မရရှိနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်နေဟန်ထားနဲ့ နည်းစနစ်မှနကန်မှုရှိဖို့အတွက် အထူးအလေးထားပါ။ ကွီးတို့အနေနဲ့ လေ့ကျင့်ခန်းများကို ကောင်းစွာ နားလည်ခြင်းမရှိပါက ကျွမ်းကျင်သူများထံမှ အကူအညီနဲ့ အကြံဉာဏ်ရယူပါ။

ခန္ဓာကိုယ်ကို အနားပေးဖို့ မမေ့ပါနဲ့

Photo : Presitage Student Living

လူတော်တော်များများက လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်နဲ့ ဆက်တိုက် မနားဘဲ ပြုလုပ်သွားရင် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအဆကို မြန်မြန် ရရှိနိုင်မယ်လို့ ထင်တတ်ကြပါတယ်။ ဒါက မမှန်ပါဘူး။ နည်းစနစ်မှန်မှန်နဲ့ ပုံမှန်ပြုလုပ်သွားရင် ကွီးတို့လိုချင်တဲ့ ခန္ဓာကုယ်အမျိုးအစားကို အချိန်တစ်ခု ကြာတဲ့ အခါ ကျိန်းသေရရှိမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နိုင်ပြီး စွမ်းအင်တွေ ကုန်ဆုံးသွားတာကြောင့် အနားယူဖို့လိုပါတယ်။ အနားယူမှသာလျှင် ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို အားပြန်ပြည့်စေပြီး လေ့ကျင့်ခန်းများကို ထိရောက်စွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဆက်တိုက် ခန္ဓာကိုယ်ကို အနားမပေးဘဲ ပြုလုပ်သွားရင် ထိရောက်မှု မရှိတဲ့အပြင် ခန္ဓာကိုယ်ကို ဒဏ်ဖြစ်စေပါလိမ့်မယ်။

ကွီးတို့ရေ ဘာကြောင့်ပဲ Workout လုပ်လုပ် ဒီ အချက်တွေကို သိထားဖို့လိုပါတယ်။ ဒါမှသာ ကွီးတို့ Workout တွေ လုပ်ရမှာ ပိုမိုထိရောက်ပြီး လိုချင်တဲ့ Body Goal ကို အမြန်ဆုံး ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ကွီးတို့ အကြံပေးချင်တဲ့ Workout လုပ်ရာမှာ သိထားသင့်တဲ့ အချက်တွေရှိရင်လည်း ဝေမျှပေးခဲ့နိုင်ပါတယ်။

Source : LifeHack

Featured Photo : Men’s Health