ဒီနွေမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားရင်း ဆော်ဒီကလပ် အယ်လ် အာလီအသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်မှူး ရောဘတ်တို ဖာမီနို ဟာ သူရဲ့ အယ်လ် အာလီ ကစားသမားဘဝ ပထမဆုံးသော ပွဲစဉ်မှာပဲ အသင်းအတွက် ဟက်ထရစ် သွင်းယူပြီး နိုင်ပွဲတစ်ပွဲ ဖော်ဆောင်ပေးသွားခဲ့ပါတယ်။

firmino al ahli

Photo Credit : Twitter

အယ်လ် အာလီက ဒီနွေမှာ ဖာမီနို အပါအဝင် မာရက်ဇ် စိန့်မက်ဆီမန် မန်ဒီနဲ့ ကတ်ဆီးတို့လို ကစားသမားကောင်းတွေကို ခေါ်ယူ ဖြည့်တင်းထားခဲ့ပြီး အယ်လ် အာလီလည်း ကစားသမား ခေါ်ယူမှုဟာလည်း တကယ်ကို စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။ မနေ့ညက ဘောလုံးရာသီသစ် အယ်လ် ဟာဇမ်အသင်းနဲ့ ပွဲစဉ်မှာလည်း ဒီကစားသမားသစ်တွေ အားလုံးကို ပွဲထွက် ကစားသမားတွေအဖြစ် အသုံးပြုလာခဲ့သလို ဖာမီနိုကိုလည်း အသင်းခေါင်းဆောင် တာဝန်ပါ ပေးအပ်ထားခဲ့ပါသေးတယ်။

goal celebration

Photo Credit : Twitter

ပွဲကစားချိန် ပထမပိုင်းမှာပဲ ဖာမီနိုက အယ်လ် အာလီအတွက် သွင်းဂိုး (၂)ဂိုးကို ပွဲချိန် (၁၀)မိနစ်အတွင်းမှာပဲ ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ ဖာမီနိုရဲ့ ဒုတိယဂိုးကိုတော့ အယ်လ်ဂျီးရီးယားသားကြီး မာရက်ဇ်က ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး (၅)မိနစ်အကြာမှာတော့ ချေပဂိုး တစ်ဂိုး ပြန်လည် ခွင့်ပြုခဲ့ရပေမယ့်လည်း (၇၂)မိနစ်မှာပဲ ဖာမီနို က (၃)ဂိုးမြောက် ဟက်ထရစ်သွင်းဂိုးကို သွင်းယူရင်း အယ်လ် အာလီလည်း (3-1) နဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။

al ahli

Photo Credit : Twitter

ဒီနွေမှာ ဆော်ဒီ ပရိုလိဂ်က ကလပ်အသင်းတွေဆီ ရောက်ရှိလာကြတဲ့ ကစားသမားတွေထဲ ဘန်ဇီမာ မာနေး မယ်လ်ကွန် ဒမ်ဘီလီတို့ တိုက်စစ်မှူးတွေအပြင် ရော်နယ်လ်ဒိုလည်း ရှိနေတာမို့ ဒီတိုက်စစ်မှူးတွေကြားမှာ ဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်မှုတွေ ဖြစ်လာနိုင်တယ် ဆိုပေမယ့် ဖာမီနို က တာအတွက်မှာပဲ ဟက်ထရစ် သွင်းယူခဲ့လို့ တခြား ကစားသမားတွေထက် ဂိုးအရေအတွက် အသာစီး ရရှိနေမှာ အသေအချာပါပဲ။ ဒါ့အပြင် ဆော်ဒီ အမှတ်ပေးလိဂ် ချန်ပီယံဆုအတွက် ဒီနှစ်မှာ ပိုလို့တောင် အကြိတ်အနယ် ရှိလာနိုင်လောက်ပါတယ်။

Featured Photo : Twitter