ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ဝက်စ်ဟမ်းကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ အင်္ဂလန် ကွင်းလယ် ကစားသမား ဒက်ကလန်ရိုက်စ် က သူ့ကို အာဆင်နယ်အပြင် မန်စီးတီး နဲ့ မန်ယူနိုက်တက်တို့လို အသင်းတွေကပါ အလိုရှိနေပေမယ့် ဒီအသင်းတွေကို ကျော်လွန်ပြီး အာဆင်နယ်အသင်းကိုပဲ ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကို ရှင်းလင်း ပြောဆိုလာပါတယ်။

declan rice

အသက် (၂၄)အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် ပရီးမီးယားလိဂ် ထိပ်တန်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် က ဝက်စ်ဟမ်းရဲ့ မရှိမဖြစ် အသင်းခေါင်းဆောင် ကစားသမား ဝက်စ်ဟမ်းကိုလည်း ကွန်းဖရန့်စ်လိဂ် ချန်ပီယံဖလား ရရှိအောင်လည်း စွမ်းဆောင်ပေးခဲ့တယ်။ ဒါကြောင့်မို့လည်း ရိုက်စ်ကို မန်စီးတီး အာဆင်နယ် ယူနိုက်တက်တို့အပြင် ဘိုင်ယန်ကပါ စိတ်ဝင်စားခဲ့သေးတာပါ။ ဒါပေမယ့် ရိုက်စ်ကိုယ်တိုင်ကတော့ ဒီအသင်းတွေ အားလုံးထဲကမှ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

rice arsenal

Photo Credit : Manchester City News

အာဆင်နယ်က အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဒက်ကလန်ရိုက်စ် ကို ဝက်စ်ဟမ်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၁၀၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ရိုက်စ်က အာဆင်နယ်ရဲ့ ကွင်းလယ်မှာ အရေးပါ အရာရောက်တဲ့ နေရာကနေ ပါဝင် ကစားနေပါတယ်။ ရိုက်စ်က ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၅)ပွဲ ကစားထားခဲ့ပြီး မန်ယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာလည်း အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

arteta rice

Photo Credit : Goal

ရိုက်စ်က “ကျွန်တော် အာတီတာနဲ့ စကားပြောအပြီးမှာ သူက ကျွန်တော် မျှော်လင့်ထားတဲ့ ကစားသမားဘဝ နောက်တစ်ဆင့်ကို ပို့ဆောင်ပေးနိုင်သူဆိုတာ နားလည်သွားခဲ့ပါတယ်။ ကစားသမားဘဝတစ်လျှောက်လုံးအတွက် စဉ်းစားပြီးမှ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။ ကျွန်တော်ရဲ့ ဝက်စ်ဟမ်း ကစားသမားဘဝ နှောင်းပိုင်းအချိန်တွေမှာ မယုံနိုင်စရာ အောင်မြင်မှုတွေနဲ့ အဆုံးသတ်ခဲ့ရသလို အာဆင်နယ်မှာလည်း နောက်ထပ် အောင်မြင်မှုတွေရဲ့ ခြေလှမ်းအစလို့ ခံစားမိရတယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Featured Photo : The Independent