ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ နာမည်ကြီး ကလပ်အသင်း တစ်သင်းဖြစ်တဲ့ လိုင်ယွန်ဟာ လက်ရှိအချိန်မှာတော့ ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံတွေ့နေရပြီး နိုင်ပွဲလည်း မရှိသေးတဲ့အတွက် အမှတ်ပေးဇယားရဲ့ အောက်ခြေထိပါ ရောက်ရှိနေရတဲ့အထိ အခြေအနေ တော်တော် ဆိုးနေရပါတယ်။
Photo Credit : Eurosport
လိုင်ယွန်အသင်းဆိုတာ ဘန်ဇီမာ လိုရစ် လာကာဇက် မာလူဒါ ဘင်အာဖာတို့လို ပြင်သစ် ထိပ်တန်း ကစားသမားတွေရဲ့ အသင်းဟောင်း ဖြစ်သလို ဂျူနင်ဟို အက်ဆီယန်တို့လို ကစားသမားတွေရဲ့ ကလပ်ဟောင်းလည်း ဖြစ်ပါတယ်။ ပြင်သစ်မှာလည်း (၇)နှစ်ဆက်တိုက် ချန်ပီယံဆုကို ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ဖူး အသင်းကောင်း တစ်သင်း ဖြစ်သလို ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းကဆိုရင်လည်း ချန်ပီယံလ်ိဂ်မှာ ဆီမီးဖိုင်နယ် အဆင့်ထိတောင် တက်လှမ်းနိုင်ခဲ့ အသင်းပါ။

Photo Credit : But! Football Club
ဒီလို အသင်းမျိုးက ဒီနှစ်ဘောလုံးရာသီထဲ ဘယ်လိုမှ မထင်ထားလောက်အောင် အခြေအနေ ဆိုးရွှားနေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်ထဲ သူတို့အသင်းနဲ့အတူ နိုင်ပွဲမရှိသေးတဲ့ ကလယ်မွန့်ကိုမှ အိမ်ကွင်းမှ အရှုံးပေးခဲ့ရတာက နားလည်ရ ခက်စေပါတယ်။ ဒီရလဒ်ကြောင့် လိုင်ယွန်ဟာ လီဂူးပွဲ (၉)ပွဲ ကစားထားပြီးချိန်အတွင်း နိုင်ပွဲ မရသေးတဲ့အထိ အခြေအနေဆိုးနေရသလို ရှုံးပွဲ (၆)ပွဲနဲ့ သရေပွဲ (၃)ပွဲသာ ရှိနေကာ ရမှတ် (၃)မှတ်နဲ့ ဇယားအောက်ခြေကို ရောက်ရှိနေရပါတယ်။

Photo Credit : 20 Minutes
ရာသီအစကတည်းက တောက်လျှောက်ရလဒ်ဆိုးနေလို့ လောရန့် ဘလန့်ကို ရာထူးကနေ ထုတ်ပယ်ပြီး အသင်းရဲ့ ကစားသမားဟောင်းကြီး ဂရော့ဆိုကို နည်းပြသစ်အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ပေမယ့်လည်း ဂရော့ဆိုလက်ထက် လိုင်ယွန်က (၄)ပွဲကစား (၃)ပွဲ ရှုံးထားကာ (၁)ပွဲသာ သရေကျထားခဲ့ပါတယ်။ ဒါကြောင့် လိုင်ယွန်က နည်းပြသစ် ဂရော့ဆို လက်ထက်မှာလည်း အခြေအနေ သိပ်မဟန်နိုင်သေးပဲ လာမယ့်တစ်ပတ်မှာလည်း မာဆေးလ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရဦးမှာဖြစ်လို့ နိုင်ပွဲ ဆက်လက် ပျောက်ဆုံးဖို့က သေချာသလောက် ရှိနေပါတယ်။
Featured Photo : SPORTbible

