ဒီရာသီမှာ ဂျာမန် ဘီလူးကြီးကနေ ဂျာမန် မှင်စာလေး ဖြစ်သွားခဲ့ပြီး ဖလားလက်မဲ့ ဘောလုံးရာသီနဲ့ပါ ကြုံလိုက်ရတဲ့ ဘိုင်ယန် မြူးနစ်အသင်းကတော့ လာမယ့်ရာသီမှာ အသင်းကို အင်အား မြင့်တင်ဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ် ကို ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

harry kane bayern

Photo Credit: Goal

ဘိုင်ယန်က ဒီနွေမှာကတည်းက ပရီးမီးယားလိဂ်ရဲ့ အထင်ကရ ကစားသမားတစ်ဦးဖြစ်သူ တိုက်စစ်မှူး ဟယ်ရီကိန်းကို ပေါင်သန်း(၁၀၀)နီးပါးလောက်အထိ အသုံးပြုပြီး ခေါ်ယူထားခဲ့သလို ဟယ်ရီကိန်းဟာလည်း အသင်းတိုက်စစ်မှာ အလွန် အားထားရတဲ့ ကစားသမား ဖြစ်လာခဲ့ရပါတယ်။ ရောဘတ် လီဝန်ဒေါစကီး မရှိတော့တဲ့နောက်ပိုင်း ဆာဒီယို မာနေးတောင် မဖြည့်ပေးနိုင်တဲ့ ကွက်လပ်ကို ဟယ်ရီကိန်းက ဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် ထူးထူးခြားခြားပဲ ကိန်းရဲ့ ဘိုင်ယန် ကစားသမားဘဝ တာထွက်ရာသီမှ အသင်းက ဆုဖလားလက်မဲ့ပါ ဖြစ်ခဲ့ရပါတယ်။

bruno fernandes

Photo Credit: The Independent

ဒါကြောင့် ဘိုင်ယန်က လာမယ့်ရာသီမှာ နောက်ထပ် mega signing ကြီးတစ်ခု လုပ်ဆောင်သွားဖို့ ပြင်ဆင်လာခဲ့ပြီး လတ်တလောမှာတော့ ယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်တိုက်စစ် ကစားသမား ဖာနန်ဒက်စ်ကို မျက်စိကျနေပါတယ်။ ဖာနန်ဒက်စ် ကလည်း ယူနိုက်တက်နဲ့ ဘာဘာညာညာ အသံတွေ ထွက်ပေါ်လို့နေပြီး အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်အပြီးမှာပဲ သူ့အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချမှတ်သွားလိမ့်မယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာတာကြောင့် ဖာနန်ဒက်စ်နဲ့ ယူနိုက်တက်တို့ အခြေအနေကို ဘိုင်ယန်က စောင့်ကြည့်လာခဲ့ပါတယ်။

bruno bayern

Photo Credit: Football365

ဘိုင်ယန်က လက်ရှိမှာ သူတို့ လိုချင်နေတဲ့ ဘယ်နည်းပြနဲ့မှ အဆင်မပြေ ဖြစ်နေတာကြောင့် ဒီရာသီအကုန်မှာပဲ အသင်းနဲ့ လမ်းခွဲမယ့် သောမတ်စ် တူဟယ်လ်ကို အသင်းနည်းပြအဖြစ် ဆက်လက် တာဝန်ပေးသွား ချင်နေပါတယ်။ တူဟယ်လ် အသင်းမှာ ဆက်ရှိနေဖို့အတွက် တူဟယ်လ် လိုချင်နေတဲ့ ဖန်တီးမှု အားကောင်းတဲ့ ကွင်းလယ်ကစားသမားအဖြစ် ဖာနန်ဒက်စ် ကို အသင်းထံ အရ ခေါ်ဆောင်ပေးဖို့ပါ ရှိနေပြီး ဖာနန်ဒက်စ်ဟာလည်း သူတို့အသင်းဆီ ပြောင်းရွှေ့လာလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

Featured Photo: Football Transfer