ယူရိုပြိုင်ပွဲကြီး အရှိန်ကောင်းနေစဉ်မှာပဲ တောင်အမေရိက က ကိုပါအမေရိက ပြိုင်ပွဲဟာလည်း ဒီနေ့ မနက်အစောပိုင်းမှာ စတင် ကျင်းပသွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ ဒီပြိုင်ပွဲမှာတော့ အရင်နှစ်တွေနဲ့မတူ မြောက်အမေရိက အသင်း(၆)သင်းပါ ပါဝင်လာခဲ့ပြီး (၄)သင်း အုပ်စု(၄)စုနဲ့ ယှဉ်ပြိုင်စေပါတယ်။

copa america 2024

Photo Credit: ESPN

၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲရဲ့ အုပ်စု(A)မှာ လက်ရှိချန်ပီယံ အာဂျင်တီးနား ကနေဒါ ချီလီ ပီရူး အုပ်စု(B)မှာ အီကွေဒေါ ဗင်နီဇွဲလား ဂျမေကာ မက္ကဆီကို အုပ်စု(C)မှာ အိမ်ရှင် အမေရိကန် ဥရုဂွေး ဘိုလစ်ဗီယား ပနားမားနဲ့ အုပ်စု(D)မှာတော့ ဘရာဇီးလ် ကိုလံဘီယာ ပါရာဂွေး ကော်စတာရီကာတို့ ပါဝင်လို့နေပြီး အုပ်စုတိုင်းက စိတ်ဝင်စားဖို့ကောင်းနေသလို နောက်ဆုံးအုပ်စုကတော့ ပိုလို့တောင် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

argentina 2-0 canada

Photo Credit: Golazo

ဒီပြိုင်ပွဲကြီးရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ အာဂျင်တီးနားနဲ့ ကနေဒါအသင်းတို့ ပွဲစဉ်ကတော့ ဒီနေ့ မနက်အစောပိုင်းမှာပဲ ကျင်းပသွားခဲ့ပြီး အာဂျင်တီးနားကပဲ ယူလီယန် အဲလ်ဗာရက်ဇ် ၊ လော်တာရို မာတီနက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ကနေဒါကို ဂိုးပြတ် အနိုင်ယူသွားခဲ့ပါတယ်။ ဒီပွဲမှာ ပါဝင်ကစားခဲ့ရင်း ကိုပါအမေရိက ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲအများဆုံး ပါဝင်ကစားသူအဖြစ် စံချိန်သစ် ရေးထိုးလိုက်နိုင်ခဲ့တဲ့ GOAT ကြီး လီယွန်နယ် မက်ဆီကတော့ အခွင့်အရေးတချို့ကို လွဲချော်ခဲ့ရပေမယ့်လည်း မာတီနက်ဇ်ရဲ့ သွင်းဂိုးကိုတော့ အကွက်မြင်မြင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

leo messsi

Photo Credit: Pulse Sports NG

အာဂျင်တီးနားအနေနဲ့ ကနေဒါကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်ပေမယ့်လည်း အလွယ်တကူလေး အနိုင်ရခဲ့တာ မဟုတ်ပဲ ကနေဒါက ပထမပိုင်း ပွဲချိန်အတွင်းမှာ အာဂျင်တီးနား ဂိုးပေါက်ကို ကြောက်မက်ဖွယ်ရာကောင်းတဲ့ ထိုးဖောက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အာဂျင်တီးနား ခံစစ်ပိုင်းက အမှားအယွင်း မရှိခဲ့သလို ဒုတိယပိုင်းထဲ နည်းဗျူဟာ အလျင်အမြန် ပြောင်းလဲနိုင်ခဲ့တာက အာဂျင်တီးနားတို့အတွက် နိုင်ပွဲဆီ ဦးတည်သွားခဲ့ရပါတယ်။

Featured Photo:Roy Nemer