အလေးမတွေမ,တယ် ၊ Workout တွေ ပြင်းပြင်းထန်ထန်လုပ်တယ် ဒါပေမယ့် ထင်သလောက် သိသာပြောင်းလဲတဲ့ ရလဒ်မျိုးမမြင်ရဘူး။ ဒါဟာဘာကြောင့်ပါသလဲ။ အဓိကအကြောင်းအရင်းကတော့ အမှားကိုအမှန်ထင်ပြီး မှားနေတဲ့အရာတွေကိုပဲ ဆက်လက်လုပ်နေမိလို့ပါ။ ဒီဆောင်းပါးလေးမှာ ကြိုးစားသမျှအရာထင်စေဖို့ Gym ကစားသူတိုင်း ရှောင်ရမယ့် အဖြစ်အများဆုံး အမှားတွေ အကြောင်းကို ပြောပြပေးပါမယ်။

(၁) မှန်ထဲက Muscles တွေကိုပဲကြည့်ပြီး လေ့ကျင့်နေခြင်း

Photo : South London Glass

မှန်ထဲမှာမြင်နေရတဲ့ ကိုယ့်ပုံရိပ်ဟာ အပြင်လက်တွေ့နဲ့ ကွာခြားမှုတွေ ရှိနေနိုင်တယ်ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ မှန်ထဲမှာတော့ Muscles တွေရဲ့အဖုအထစ် ကြွက်သားလိုင်းတွေက ပိုမိုထင်ရှားနေတက်ပါတယ်။ ဆိုတော့ ဘော်ဒီရဲ့ ဘယ်အစိတ်အပိုင်းတွေကို သေချာထပ်ဖြည့်ကစားဖို့လိုသလဲဆိုတာ မှန်ထဲက ပုံရိပ်ကိုကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ ကိုယ့်ခန္ဓာကိုယ်ရဲ့ အပြင်ပန်းပုံရိပ်ကိုပဲ လက်တွေ့ကျကျလေ့လာသုံးသပ်ပြီး ဆော့ကစားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၂) နေ့တိုင်း ကစားခြင်း

 fitness man

Photo : Eat This, Not That

အလေးတုံးတွေနဲ့ Workout ကစားတဲ့အခါ နေ့တိုင်းကစားမှ ပိုထိရောက်မြန်ဆန်တဲ့ ရလဒ်ကို ရမယ်ဆိုတဲ့ အတွေးကို ဖျောက်ပစ်ရပါမယ်။ တကယ်တော့ ခန္ဓာကိုယ်ဟာ လေ့ကျင့်ထားတဲ့အပေါ်မူတည်ပြီး ကောင်းမွန်လုံလောက်တဲ့ အနားယူမှု ပြန်ယူပေးမှလည်း သိသာထင်ရှားတဲ့ ရလဒ်ကို မြင်ရမှာပါ။ ရက်အလိုက် ကစားရမယ့် ဘော်ဒီအစိတ်အပိုင်းတွေ ၊ ကစားနည်းတွေ ၊ ကစားချိန်တွေပေါ်မူတည်ပြီး ပြန်လည်အနားယူရမယ့်ရက်ကို သတ်မှတ်ပါ။ နေ့တိုင်းကစားတာဟာ ကြွက်သားတွေပန်းစေပြီး ထင်သလောက် ရလဒ်မကောင်းစေပါဘူး။

(၃) ကစားနည်းမပြောင်းခြင်း / အလေးမတိုးခြင်း

fitness man

Photo : DMARGE

ဆော့နေကျ ကစားနည်းတွေ ၊ အလေးပမဏတွေအတိုင်း ပုံမှန်အမြဲဆက်ဆော့နေသ၍တော့ ကွီးတို့ရဲ့ ဘော်ဒီဟာ သိသာပြောင်းလဲတိုးတက်မှုမျိုး မြင်ရမှာမဟုတ်သလို အချိန်ကြာလာတာနဲ့ Workout တဲ့အပေါ် ငြီးငွေ့လာပါလိမ့်မယ်။ အကောင်းဆုံးကတော့ ရက်သတ္တပတ်အလိုက် ၊ ကာလအပိုင်းအခြားတစ်ခုကြာသည်အလိုက် ကစားတဲ့ လေ့ကျင့်ခန်းတွေ ၊ အလေးပမဏတွေကို အပြောင်းအလဲလုပ် ကစားပေးဖို့လိုပါတယ်။

(၄) Plan မရှိခြင်း

 fitness man

Photo : The Book of Man

ဘာပဲလုပ်လုပ် Plan မရှိရင် အစီအစဉ်မကျတာ ၊ သတ်မှတ်ထားတဲ့ Goals တွေကို ရောက်ဖို့ခက်ခဲတာ စတဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။ Gym ကစားတဲ့နေရာမှာလည်း အတူတူပါပဲ။ ကိုယ့်ဘော်ဒီဖွဲ့စည်းပုံ အချိုးအစားအလိုက် ကစားရမယ့် Workout Plan ဆိုတာ ရှိကိုရှိရပါမယ်။ မဟုတ်ရင် သင့်ကစားသလောက် ထိရောက်မှု ရှိမှာမဟုတ်ပါဘူး။

(၅) ခန္ဓာကိုယ်ရဲ့အသံကို နားမထောင်ခြင်း

 fitness man

Photo : NOOGAtoday – 6AM City

Gym ကစားတယ် ၊ Workout လုပ်တယ်ဆိုတာ ကျန်းမာကြံ့ခိုင်ဖို့ မဟုတ်လား။ ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတွေကို လျစ်လျူရှုထားပြီး အတင်းအကျပ် ခိုင်းနေမယ်ဆိုရင် ကြာလာတာနဲ့ အရုပ်ကြိုးပြတ် ဖြစ်သွားနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ခန္ဓာကိုယ်အတွက် ကောင်းကောင်းအနားယူမှုရှိရဲ့လား ၊ စိတ်နဲ့ခန္ဓာကိုယ်ဟာ လန်းဆန်းတက်ကြွမှုလုံလုံလောက်လောက်ရှိရဲ့လား ၊ ပင်ပန်းနွမ်းနယ်နေလား စသည်ဖြင့် ခန္ဓာကိုယ်က တုန့်ပြန်အချက်ပြလာတဲ့ အသံတွေကို ကောင်းကောင်းနားထောင်ပေးဖို့လည်း လိုပါတယ်။ ဒါမှလည်း ကျန်းကျန်းမာမာနဲ့ လိုချင်တဲ့ Fitness ပန်းတိုင်ကို ရောက်နိုင်မှာပါ။

Featured Photo : The Times