Superhero ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Spiderman ကာရိုက်တာမှာ ဝင်ရောက် သရုပ်ဆောင်ထားသူ ဗြိတိန် ရုပ်ရှင်သရုပ်ဆောင် တွမ် ဟော်လန်က ဟာရီ ကိန်း နဲ့ ဆွန်ဟောင်မင်တို့က သူ အားပေးရတဲ့ တော့တင်ဟမ် စပါးအသင်းကနေ ရီးယဲလ် မက်ဒရစ် အသင်းဆီကို ပြောင်းရွှေ့ကစားကြဖို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

kane tom son

Photo Credit : Firstsportz

အသက် (၂၇)နှစ်အရွယ် ဗြိတိန်ဖွား ဟောလီးဝုဒ် သရုပ်ဆောင်မင်းသား တွမ် ဟော်လန်က Spiderman ဇာတ်ရုပ်မှာ ပါဝင် သရုပ်ဆောင်ရင်း ပရိသတ် အချစ်တော် သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့သလို တွမ်ကိုယ်တိုင်ကလည်း ဘောလုံး အားကစားကို စိတ်ဝင်စားပြီး ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကို အားပေးသူတစ်ဦးပါ ဖြစ်နေပါတယ်။ လက်ရှိမှာတော့ တွမ်က စပါးအသင်းနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခု ဖြေဆိုထားခဲ့ရာ အဲ့ဒီ အင်တာဗျူးထဲမှာတော့ ကိန်း နဲ့ ဆွန်တို့ နှစ်ဦးလုံးကို ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့စေချင်တယ်လို့ ဖြေဆိုသွားခဲ့ပါတယ်။

spiderman

Photo Credit : The Sun

တွမ်က “မက်ဒရစ်ကို သွားပါ ကိန်းရေ။ အဲ့ဒီမှာ မင်း ဖြစ်သင့် ဖြစ်ထိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်အောင် လုပ်ဆောင်လိုက်ပါ။ ကျွန်တော် အနှစ်သက်ဆုံး ကစားသမားကတော့ ဆွန်ပါ။ သူ့ကိုလည်း ကိန်းနဲ့အတူ မက်ဒရစ် ဆီ လိုက်ပါသွားဖို့ ပြောချင်ပါတယ်။ အဲ့ဒီကို သွားပြီးတော့ ချန်ပီယံလိဂ်ဖလားကြီးကို အတူတကွ ရယူလိုက်ပါ။”လို့ ပြောဆိုလိုက်ပါတယ်။

son kane

Photo Credit : talkSPORT

ဒီနွေဈေးကွက်ထဲမှာတော့ ကိန်း နဲ့ ဆွန်တို့ရဲ့ အနာဂတ်တွေက လှုပ်ခတ်ခဲ့ပြီး ဆွန်ဟောင်မင်ကိုတော့ ဆော်ဒီကလပ်တွေက မက်မောလောက်စရာ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဆွန်ကတော့ ဒီကမ်းလှမ်းမှုကြီးကို ပယ်ချခဲ့ပြီး ဆော်ဒီကို ပြောင်းဖို့ စိတ်မဝင်စားပဲ စပါးမှာသာ ဆက်လက် ရှိနေမယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။ ဒါပေမယ့် ကိန်းကိုယ်တိုင်ကတော့ သူ့အနာဂတ်အတွက် မရေမရာ ဖြစ်လို့နေသေးပြီး ရီးယဲလ်က သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့် စပါးဘက်က စာချုပ်တစ်နှစ်တည်းသာ ကျန်ရှိနေတော့တဲ့ အသက် (၃၀)အရွယ် ကစားသမားအတွက် ပေါင် သန်း(၁၀၀)လောက် ဈေးခေါ်ထားတာမို့ ခေါ်ယူဖို့က လက်လျှော့လိုက်တာပဲ ဖြစ်ပါတယ်။

Featured Photo : talkSPORT