နာပိုလီ အသင်းကတော့ မနေ့ညက ကစားသွားခဲ့တဲ့ အူဒီးနီးစ်အသင်းနဲ့ ပွဲစဉ်မှာ အိမ်ရှင် အူဒီးနီးစ်ရဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမယ့် အိုဆင်မန်ရဲ့ ချေပဂိုးကြောင့် လိုအပ်တဲ့ ရမှတ်ကို ပိုင်ဆိုင်ခဲ့ရင်းနဲ့ (၃၃)နှစ်အကြာ ကွာဝေးနေတဲ့ အီတလီ စီးရီးအေ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ရပါတယ်။
Photo Credit : The San Diego Union – Tribune
တကယ်တော့ နာပိုလီ ပရိသတ်တွေက နာပိုလီနဲ့ ဆလာနီတာနာပွဲမှာပဲ အသင်းက နိုင်ပွဲရပြီး အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ စတေဒီယို ဒီယေဂို အာမန်ဒို မာရာဒိုနာကွင်းကြီးထဲ စီးရီးအေ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ အကြီးအကျယ် အောင်ပွဲခံဖို့ ပြင်ဆင်ထားကြတာပါ။ ဒါပေမယ့် အဲ့ဒီပွဲမှာ နာပိုလီက နိုင်ပွဲမရပဲ သရေကျခဲ့လို့ ချန်ပီယံ ဖြစ်ဖို့က တစ်မှတ်လိုသွားခဲ့ပြီး နောက်တစ်ပွဲ ထပ်မံ စောင့်ဆိုင်းဖို့ ဖြစ်လာခဲ့ပါတယ်။
Photo Credit : BettaBox
နောက်တစ်ပွဲ ဖြစ်တဲ့ အူဒီးနီးစ်နဲ့ ပွဲမှာလည်း အိမ်ရှင် အူဒီးနီးစ်က ပထမပိုင်းမှာ ပွဲကို ဦးဆောင်ခဲ့ပြန်တာကြောင့် နာပိုလီရဲ့ ချန်ပီယံဆုက နောက်တစ်ပွဲအထိ စောင့်ရဦးမှာပဲလို ထင်ခဲ့ရပေမယ့် နာပိုလီရဲ့ hero ကြီး အိုဆင်မန်က ချေပဂိုး သွင်းယူရင်း လိုအပ်နေတဲ့ တစ်မှတ်ကို ပိုင်ဆိုင်ပြီး ချန်ပီယံပါ ဖြစ်သွားခဲ့ရပါတယ်။ နှစ်ပေါင်း (၃၃)နှစ်ကြာမှ အခုလို စီးရီးအေ အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းကို နာပိုလီအသင်း ပရိသတ်တွေက အရူးအမူး အောင်ပွဲခံကြပါတယ်။
Photo Credit : Twitter
အူဒီးနီးစ် နဲ့ နာပိုလီပွဲ ပွဲသိမ်းခရာ မှုတ်လိုက်ချိန်မှာ နာပိုလီ ပရိသတ်တွေ အူဒီးနီးစ် ကွင်းထဲကို စုပြုံ ဝင်ရောက်လာကြပြီး သူတို့အသင်း ချန်ပီယံ ဖြစ်သွားခဲ့တဲ့ နေရာမှာ အမှတ်တရ ဖြစ်ဖို့အတွက် ဂိုးပိုက်ကို ဖြုတ်ယူတာနဲ့တင် အားမရလို နာပိုလီ ကွင်းလယ်လူ ဇီလင်စကီးရဲ့ ဘောလုံး ဘောင်းဘီကိုပါ ယူဆောင်ခဲ့သလို အူဒီးနီးစ် ကွင်းက မြက်ခင်းတွေကိုလည်း အမှတ်တရအဖြစ် ရယူခဲ့ပါသေးတယ်။ ဇီလင်စကီးကိုလည်း သူရဲ့ဂျာစီတစ်စုံလုံးပါ ချွတ်ယူဖို့အထိ အသင်းပရိသတ်များက ကြိုးပမ်းခဲ့သေးပြီး အပေါ် ဂျာစီတော့ မပါသွားရအောင် မနည်း တောင့်ခံခဲ့ရပါသေးတယ်။
Featured Photo : The Sun