မေလ (၂၁)ရက်နေ့ မနေ့က ဘောလုံးလောကထဲ အတော်လေး လှုပ်ခတ်စေနိုင်မယ့် Breaking News တစ်ပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းကတော့ ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဂျာမနီ လက်ရွေးစင် ကွင်းလယ်ကစားသမားကြီး တိုနီ ကရူးစ် က ယူရို-၂၀၂၄ ပြိုင်ပွဲကြီးအပြီးမှာ သူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို အပြီးတိုင် အဆုံးသတ်သွားတော့မယ်ဆိုတဲ့ သတင်းဆိုးကြီး တစ်ခုပါ။

kroos

Photo Credit: Bavarina Football Works

တကယ်တော့ တိုနီ ကရူးစ် ဟာ လက်ရှိမှာ အသက် (၃၄)နှစ်သာ ရှိထားတဲ့သူပါ။ အကောင်းဆုံးသော စွမ်းဆောင်ရည်မှာလည်း ရှိနေသေးတဲ့အပြင် မကြာခင်မှာလည်း ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲကြီးကိုပါ ကစားရမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် ဇွန်လထဲမှာပဲ ရီးယဲလ်နဲ့ ကရူးစ်တို့ကြားက ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးရတော့မှာပါ။ ဒါကြောင့် ကရူးစ်က ရီးယဲလ်နဲ့ပဲ သက်တမ်း ထပ်တိုးမလား ဒါမှမဟုတ် အသင်းပဲ ပြောင်းသွားမလားဆိုတာ မေးခွန်းထုတ်ခဲ့ရပေမယ့် ကရူးစ်ကတော့ ရီးယဲလ်မှာပဲ သူရဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့သာ ရွေးချယ်သွားခဲ့ပါတယ်။

toni kroos germany

Photo Credit: Bavarina Football Works

ဘိုင်ယန်မြူးနစ်မှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး လေဗာကူဆင်မှာပါ တစ်ရာသီ အငှားနဲ့ ကစားခဲ့ဖူးတဲ့ ကရူးစ်က ၂၀၁၄ကတည်းက ဘိုင်ယန်ကနေ ရီးယဲလ်အသင်းဆီ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ရီးယဲလ် ကွင်းလယ်တန်းမှာ ကက်စီမဲရိုး မိုဒရစ်တို့နဲ့ တွဲဖက်ပြီး အကောင်းဆုံး စွမ်းဆောင်ပြနိုင်တဲ့ ကရူးစ် ဟာ အခုဆိုရင် ရီးယဲလ်ရဲ့ ဂန္တဝင် ကစားသမားကြီးတစ်ဦးပါ ဖြစ်နေရသလို အသင်းနဲ့လည်း ဆုဖလားပေါင်းများစွာပါ ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ဂျာမနီနဲ့လည်း ၂၀၁၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ခဲ့သေးတဲ့ ကရူးစ်ဟာ ဘောလုံးသမားတွေရဲ့ တကယ့်ကို စံပြ ကစားသမားလည်း ဖြစ်နေပါတယ်။

toni kroos

Photo Credit: SPORTbible

အခုတော့ ကရူးစ်ဟာ သူတို့ရဲ့ ဂျာမနီနိုင်ငံမှာ ကျင်းပသွားမယ့် ယူရို-၂၀၂၄ပြိုင်ပွဲကြီးကို ဂျာမနီအသင်းနဲ့အတူ ပါဝင်ဆင်နွဲပြီးတာနဲ့ ကရူးစ်က ရီးယဲလ်နဲ့ပါ လက်တွဲဖြုတ်ပြီး ဘောလုံးသမားဘဝကို တရားဝင် အဆုံးသတ်တော့မှာပဲ ဖြစ်ပါတယ်။ ကရူးစ် ကတော့ သူရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ရှိနေသေးတဲ့ အချိန်မှာပဲ ကစားသမားဘဝကနေ အနားယူသွားချင်တာက သူ့ဆန္ဒ ဖြစ်တာကြောင့် အခုလို အနားယူဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ ရှင်းပြထားခဲ့ပါသေးတယ်။

Featured Photo: Football Transfer