ပိုလန် ဂိုးသွင်းစက်ကြီး ဒါမှမဟုတ် ပိုလန် ဂိုး မုဆိုးကြီး ရောဘတ် လီဝန်ဒေါစကီး ဟာ အလွန်ကို ဂိုးသွင်းအားကောင်းပြီး အဆုံးသတ် ကောင်းလှတဲ့ အထောင် တိုက်စစ်ကစားသမား တစ်ဦး ဖြစ်ပါတယ်။ လီဝန်က သူရဲ့ ဂိုးတွေနဲ့အတူ သူ ပါဝင်ကစားခဲ့တဲ့ ကလပ်အသင်းများအတွက်ပါ ဆုဖလားတွေ ရယူနိုင်ခဲ့ပြီး အဓိကတော့ အမှတ်ပေး ချန်ပီယံ ဆုဖလားတွေကို ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။
Photo Credit : Prensafutbol.cl
လီဝန်ဒေါစကီး ကို ဘောလုံးပရိသတ် အများစုက ဒေါ့မွန်အသင်းနဲ့ စတင် သိရှိခဲ့ကြတာ ဆိုပေမယ့် လီဝန်ဒေါစကီးက ဒေါ့မွန်ကို မရောက်ရှိခင်တုန်းက ပိုလန် ထိပ်သီးကလပ် လက်ချ်ပေါ့ဇ်နန်အသင်းမှာပါ ပါဝင်ခဲ့ဖူးပါတယ်။ အဲ့ဒီအသင်းနဲ့အတူ ပိုလန် အမှတ်ပေးဖလားကို ၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှာ ပိုင်ဆိုင်ခဲ့တဲ့ လီဝန်ဒေါစကီးဟာ နောက်တစ်ရာသီမှာပဲ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်ကို ပြောင်းရွှေ့သွားရင်း ဒေါ့မွန်မှာလည်း (၂)ရာသီဆက်တိုက်အထိ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Photo Credit : Planet Football
ဒေါ့မွန်မှာ (၄)ရာသီကြာ ပါဝင်ကစားခဲ့သူ လီဝန်ဒေါစကီးဟာ ၂၀၁၄ခုနှစ်မှာတော့ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့သွားခဲ့ရာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီကနေ စတင်ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအထိ (၈)ရာသီဆက်တိုက်အထိ ဘွန်ဒက်စ်လီဂါ ချန်ပီယံကို ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာတော့ လီဝန်ဒေါစကီး က ဒေါ့မွန်နဲ့ မရယူနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ရင်း ဖလား(၃)လုံး အောင်မြင်မှုပါ ရယူနိုင်ခဲ့ပါတယ်။
Photo Credit : The Mirror
ဘိုင်ယန်နဲ့ (၈)ရာသီအထိ ဖြတ်သန်းခဲ့တဲ့ လီဝန်ဒေါစကီး ဟာ အခုရာသီမှာပဲ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့လာခဲ့ပြီး တစ်ရာသီလုံးမှာ လာလီဂါ သွင်းဂိုး (၂၁)ဂိုး သွင်းယူပေးနိုင်ခဲ့ရင်းနဲ့ နယ်မြေသစ်မှာ နောက်ထပ် အမှတ်ပေး ဆုဖလားတစ်လုံးကို ထပ်မံ ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် လီဝန်ဒေါစကီးဟာ ပိုလန် အမှတ်ပေးဖလားကနေ အခု လာလီဂါဖလားအထိ အမှတ်ပေး ဆုဖလားပေါင်း (၁၂)လုံးအထိ ပိုင်ဆိုင်ထားခဲ့ရပြီဖြစ်ပြီး လာမယ့် ဘောလုံးရာသီမှာရော သူရဲ့ title အောင်မြင်မှု မှတ်တမ်းကောင်းကြီး ဆက်ရှိနေနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။
Featured Photo : Daily Mail