ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် ကိုယ်လက် လေ့ကျင့်ခန်းများ ပြုလုပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ မည်သည့်လေ့ကျင့်ခန်းမဆို ပုံမှန် တစိုက်မတ်မတ် ပြုလုပ်သွားပါက တကယ်ကို အကျိုးကျေးဇူးများပါတယ်။ ကွီးတို့အနေနဲ့ တတ်တတ်ကြွကြွ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုကို ပုံမှန်ပြုလုပ်လိုပါက အပြေးလေ့ကျင့်ခန်းကို ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။ အပြေးလေ့ကျင့်ခန်း ကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပြီး ကယ်လိုရီတွေ လောင်ကျွမ်းစေတဲ့အပြင် အခြားသော အကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။ ကွီးတို့ရေ များများတွေးမနေပဲ ပြေးကြည့်မှ ရနိုင်တဲ့ ကောင်းကျိုး တွေကို ကြည့်လိုက်ရအောင်ဗျာ။

ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်

ပြေးကြည့်မှ ကောင်းကျိုး

Photo : Cancer Colon

အပြေးလေ့ကျင့်ခန်းကို လုပ်ခြင်းက ကင်ဆာရောဂါကို မကုသနိုင်သော်လည်း ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်း အထောက်အထားများအရ ဆိုပါတယ်။ Journal Of Nutrition တွင် ပြုလုပ်သော လေ့လာမှုများအရ အပြေးလေ့ကျင့်ခန်းကဲ့သို့သော လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ခြင်းက အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိ လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာတို့ ကဲ့သို့သော ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေ နည်းပါးခြင်းက ကိုယ်လက်လှုပ်ရှားမှုများနဲ့ ဆက်စပ်နေကြောင်း ပြသခဲ့ပါတယ်။

ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်

ပြေးကြည့်မှ ကောင်းကျိုး

Photo : Ask Man

ကွီးတို့အနေနဲ့ ညဘက်မှာ အိပ်ပျော်ဖို့ ခက်ခဲနေတတ်ပါသလား။ အိပ်ရေးမဝခြင်းက အဝလွန်ခြင်းနဲ့ စိတ်ကျရောဂါအပြင်၊ ကင်ဆာရောဂါများအထိ ဖြစ်နိုင်ခြေကို တိုးမြင့်လာစေပါတယ်။ ဒါဆိုရင်တော့ အပြေးလေ့ကျင့်ခန်းကို ပုံမှန်လုပ်ခြင်းက ထိုပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းကောင်းပါပဲ။ အပြေးလေ့ကျင့်ခန်းကဲ့သို ကိုယ်လက်လှုပ်ရှားမှုများက ခန္ဓာကိုယ်ခွန်အားကို အသုံးပြုရတာကြောင့် ကွီးတို့ကို မြန်မြန်အိပ်ပျော်စေပါတယ်။ အိပ်စက်ခြင်းစက်ဝန်းကိုလည်း မှန်ကန်လာစေပါလိမ့်မယ်။ သို့သော်လည်း အိပ်ရာဝင်ချိန်နဲ့ နီးနီးကပ်ကပ်တော့ လေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။

နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ပြေးကြည့်မှ ကောင်းကျိုး

Photo : The Indian

ပြေးနေစဉ်အတွင်း ကျွန်ုပ်တို့ရဲ့ နှလုံးက အလုပ်လုပ်နေသော ကြွက်သားများဆီသို့ သွေးနှင့် အောက်ဆီဂျင် ပမာဏကို တိုးမြင့်စုပ်ယူပေးသောကြောင့် နှလုံးခုန်နှုန်း မြင့်တက်လာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လှုပ်ရှားမှုနဲ့ သွေးစီးဆင်းမှု တိုးလာတာက နှလုံးရဲ့ စွမ်းဆောင်ရည်ကို တိုးတက်လာစေတယ်လို့ ဆိုပါတယ်။ နှလုံးကျန်းမာရေးအတွက် ပြေးခြင်းက လေ့ကျင့်ခန်းကောင်း တစ်ခုပါပဲ။

စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်

ပြေးကြည့်မှ ကောင်းကျိုး

Photo : Times of India

ပြေးကြည့်မှ လက်တွေ့ သိနိုင်တဲ့ ကောင်းကျိုး တစ်ခုကတော့ စိတ်ဖိစီးမှုတွေကို‌ လျော့ကျစေတာပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အပြင်ထွက်ပြီး ပန်းခြံလိုနေရာမျိုးမှာ ၁၅ မိနစ်ခန့် ပြေးကြည့်ပါ။ တကယ်ကို စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို လျော့ကျစေပါတယ်။ ပြေးတာက စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောကို လျော့ကျစေပြီး စိတ်လက်ပေါ့ပါး ကြည်လင်စေပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ စိတ်ဖိစီးမှုတွေနဲ့ မွန်းကျပ်နေတဲ့အခါ နာရီဝက်ခန့် ပြေးတာ ဒါမှမဟုတ် ကိုယ်အားသန်တဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို ပြုလုပ်ကြည့်ပါ။

ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်

Photo : University Collage London

ပြေးခြင်းနဲ့ အခြားသော အေရိုးဗစ်လေ့ကျင့်ခန်းများက သင်ယူမှုနှင့် မှတ်ဉာဏ်အတွက် အဓိကလုပ်ဆောင်တဲ့ ဦးနှောက်ရဲ့ Hippocampus အတွင်းရှိ ဦးနှောက်ဆဲလ်များ ကြီးထွားမှုကို ဖြစ်ပေါ်စေကြောင်း သုတေသနပြုချက်များအရ သိရပါတယ်။ ဒါကြောင့် ပြေးခြင်းက ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုနဲ့ ရေရှည်မှတ်ဉာဏ်ကို ထိန်းချုပ်သည့် ဦးနှောက်ရဲ့ အစိတ်အပိုင်းများကို ဖွံ့ဖြိုးစေပါတယ်။

အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်

Photo : Eat This Not That

ပြေးကြည့်မှ သိနိုင်မယ့် ကောင်းကျိုး တွေထဲမှာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတာလဲ အပါအဝင်ဖြစ်ပါတယ်။ ဒီအချက်ကို လူတိုင်းသဘောကျကြမယ် ထင်ပါတယ်။ ပြေးခြင်းသည် လူ့ကြီးထွားဟော်မုန်းထွက်ရှိမှုကို အားပေးသောကြောင့် အသက်အရွယ်ဆိုင်ရာ အရိုးနှင့် ကြွက်သားများ ဆုံးရှုံးခြင်းကို နှေးကွေးစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများကို လျော့ကျစေတာကြောင့် ကျန်းမာပြီး အရွယ်တင်နုပျိုစေတယ်ဆိုလည်း မမှားဘူး။

ကွီးတို့ရေ အပြေးလေ့ကျင့်ခန်းက ဒီလိုကောင်းကျိုးတွေ ရမှာတော့ တွေးမနေနဲ့တော့ဗျို့၊ ဒီနေ့ကစပြီး တစ်နေ့ကို နာရီဝက်ခန့်လောက် ပုံမှန်ပြေးပေတော့ဗျာ။

Source : Health Xchange

Featured Photo : Vista Create