မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် က မနေ့ညက နူးကမ့်မှာ ကစားသွားခဲ့ရတဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ ပထမအကျော့ပွဲစဉ်အတွင်း သူတို့အသင်းအနေနဲ့ အနည်းဆုံး (၄)ဂိုးလောက်အထိကို သွင်းယူနိုင်ခဲ့သင့်တယ်လို့ ထင်မိကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Braca Blaugranes
တစ်ဖက်ကို (၂)ဂိုးစီနဲ့ အနိုင်အရှုံး မပေါ်ခဲ့ကြတဲ့ ပထမအကျော့ပွဲစဉ်ဟာ ယူရိုပါလိဂ် ပွဲစဉ်တစ်ပွဲထက် ပိုမိုတဲ့ အရသာမျိုးကို ပေးစွမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ရှုံးထွက်ပွဲတစ်ပွဲကို ကြည့်နေရသလို ခံစားမိရတဲ့အထိ အတော်လေးကို ကြည့်ကောင်းခဲ့ရပါတယ်။ အိမ်ရှင် ဘာစီလိုနာက ပွဲကို အရင် ဦးဆောင်ပြီးမှ မန်ယူနိုက်တက်က ချေပဂိုး သွင်းယူရင်း ပြန်လည် ဦးဆောင်ခွင့်ပါ ရရှိခဲ့ပေမဲ့ ဘာစီလိုနာကလည်း ပြန်လည် ချေပနိုင်ခဲ့လို့ (၂)ဂိုးစီသရေနဲ့ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Youtbue
ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး မန်ယူနိုက်တက် နည်းပြ တန်ဟက်ဂ် က “ဒါက အရမ်းကောင်းတဲ့ ပွဲတစ်ခုလို့ ကျွန်တော် ထင်မိတယ်။ တိုက်စစ် အသားပေး အသင်းနှစ်သင်းပါ။ ကျွန်တော်ကတော့ ချန်ပီယံလိဂ်ပွဲထက်တောင် ပိုမယ်လို့ ထင်ပါတယ်။ ဒီပွဲကို ကျွန်တော် တကယ် နှစ်သက်မိပါတယ်။ ပွဲအပြီးမှာတော့ (၂-၂) ဖြစ်သွားခဲ့ရတယ်။ အိုးထရက်ဖို့ဒ်မှာ ပွဲကို အဆုံးသတ်နိုင်အောင် လုပ်ရပါမယ်။ ကျွန်တော်တို့က စပိန်ရဲ့ နံပါတ်တစ်အသင်းနဲ့ ရင်ဆိုင်ရချိန်မှာ ပွဲကို စိုးမိုးပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့တယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေ ဖြစ်နေခဲ့တာကိုတော့ အနည်းငယ် စိတ်ပျက်မိပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ အနည်းဆုံး (၄)ဂိုးလောက်ထိ သွင်းယူခဲ့သင့်တယ် ထင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Football365
ဒီပွဲမှာ မန်ယူနိုက်တက်အတွက် အရေးပါလှတဲ့ ချေပဂိုးကို သွင်းယူနိုင်ခဲ့သူ တိုက်စစ် ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးပြီး နောက်ပိုင်းကတည်းက သူရဲ့ form အကောင်းဆုံး ဖြစ်နေရပြီး သွင်းဂိုးများစွာ သွင်းယူထားနိုင်လို့ အခုဆိုရင် ပြိုင်ပွဲစုံ (၃၅)ပွဲအတွင်း စုစုပေါင်း (၂၂)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
Feature Photo : Youtube