မနေ့က ကစားသွားတဲ့ ခြေစမ်းပွဲမှာ ကီလီယန် အမ်ဘာပေက ပီအက်စ်ဂျီအတွက် ဒုတိယပိုင်း ပွဲချိန်မှာ ပါဝင် ကစားရင်း ပွဲသိမ်းဂိုး သွင်းယူပေးခဲ့လို့ ဘာပေက ပီအက်စ်ဂျီအတွက်ဆိုရင် ဘယ်အခြေအနေမှာမဆို ဂိုးသွင်းနိုင်တယ်လို့တောင် ယူဆမိခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီပွဲအပြီး နာရီပိုင်းလောက် အကြာမှာပဲ ပီအက်စ်ဂျီ ဘာပေ ကို ဂျပန်ခရီးစဉ် ကစားသမားစာရင်းကနေ ဖယ်ရှားပြီး ချက်ချင်း ဆိုသလို အရောင်းစာရင်းပါ တင်လိုက်ပါတယ်။
Photo Credit : Twitter
ဘာပေ နဲ့ ပီအက်စ်ဂျီတို့ရဲ့ကြားမှာ ပြသာနာတွေ စတင်လာခဲ့တာက စာချုပ်သက်တမ်း ကိစ္စနဲ့ပါ။ ဘာပေက ပြီးခဲ့တဲ့ ၂၀၂၂ နွေမှာ ပီအက်စ်ဂျီနဲ့ သက်တမ်း ကုန်ဆုံးခဲ့မယ့် အချိန် ပီအက်စ်ဂျီဘက်က ဘာပေကို ၂၀၂၄အထိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၅ခုနှစ်အထိပါ တိုးမြှင့်နိုင်မယ့် option ကိုလည်း ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှ ဘာပေက သူ့အနေနဲ့ အဲ့ဒီ option ကို ရွေးချယ်မှာ မဟုတ်ဘူးလို့ပဲ အသိပေးခဲ့ပြီး ၂၀၂၄ အသင်းနဲ့ သက်တမ်းကုန်ချိန်မှာ ရီးယဲလ် မက်ဒရစ်ဆီ free နဲ့ ဒိုးသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။
Photo Credit : Twitter
ဒီလို ကိစ္စရပ်ကို ပီအက်စ်ဂျီဘက်က လုံးဝ လက်မခံနိုင်တာကြောင့် ဘာပေအနနဲ့ အသင်းနဲ့ သက်တမ်းတိုးမလား ဒါမှမဟုတ် အသင်းကနေ အခု နွေမှာပဲ ထွက်ခွာသွားမလားဆိုပြီး စဉ်းစားထားခိုင်းရာ အခုတော့ ပီအက်စ်ဂျီက ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချမှတ်လိုက်ပြီး အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားခဲ့သလို အရောင်းစာရင်းပါ ချက်ချင်း တင်လိုက်ပါတယ်။ ဘာပေ က သူ ပီအက်စ်ဂျီကနေ ဘယ်တော့မှ အလွတ်နဲ့ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ပြောထားခဲ့ပေမယ့် ဒီလို ပြောဆိုမှုက ဟန်ဆောင်မှု တစ်ခုသာ ဖြစ်တယ်လို့ ခံစားရတာကြောင့် အခုလို ဒီဈေးကွက်မှာပဲ ရောင်းထုတ်ဖို့ စီစဉ်လာခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : Twitter
ဒီလို အရောင်းစာရင်းထဲ ရောက်သွားခဲ့တဲ့ ဘာပေကို ရီးယဲလ် မက်ဒရစ်အသင်းက ဒီနွေမှာပဲ အရ ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာပါ။ ရီးယဲလ်က ဒီဈေးကွက်ထဲမှာ ဘယ်လင်ဟမ်အတွက် ယူရို (၁၀၃)သန်းတောင် သုံးထားရတာမို့ ဘာပေ ကို ခေါ်ဖို့ ဗယ်လ်ဗာဒီ ချူအာမန်နီတို့ တစ်ဦးဦးကို ရောင်းချသွားမလား ဆိုတာကလည်း စောင့်ကြည့်ချင်စရာပါ။ ဘာပေကို ဆော်ဒီ ကလပ်တွေကလည်း စိတ်ဝင်စားနေတယ် ဆိုပေမယ့် ဘာပေ ကိုယ်တိုင်က ရီးယဲလ်ကိုသာ ပြောင်းချင်နေသလို ရီးယဲလ်ကလည်း ဘာပေကို ခေါ်ယူဖို့ လိုအပ်နေပြီမို့ ဒီအပြောင်းအရွှေ့ကြီးက ရင်ခုန်စရာ အခြေအနေမျိုး ရောက်နေပြီလို့ ယူဆရမှာပါ။
Featured Photo : Goal