လီယွန်နယ် မက်ဆီတစ်ယောက် ကတ်တလန်ပြန်မယ် ဆော်ဒီလိဂ်သွားမယ်ဆိုတဲ့ အသံတွေအားလုံးကို မနေ့ညကပဲ အဆုံးသတ်သွားစေခဲ့ပါတယ်။ တကယ်တော့ GOAT ကြီး မက်ဆီ နောက်ဆုံး ရွေးချယ်လိုက်တာကတော့ အမေရိကန် မေဂျာလိဂ်က ဒေးဗစ် ဘက်ခ်ဟမ်းကြီးရဲ့ အင်တာ မိုင်ယာမီ အသင်းဆီကိုပါ။

messi miami

Photo Credit : Fox Sports

အသင်းဟောင်း ဘာစီလိုနာက ပြန်လည် ခေါ်ယူဖို့အတွက် အသည်းအသန် ကြိုးပမ်းနေသလို ဆော်ဒီကလပ် အယ်လ်ဟီလဲလ်ကလည်း မက်မောလောက်စရာ ဝင်ငွေတစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် မက်ဆီ နောက်ဆုံး ရွေးချယ်သွားတာကတော့ မိုင်ယာမီ ကမ်းခြေဆီကိုပါ။ တကယ်တော့ မက်ဆီက သူ့ကို ခေါ်ယူချင်နေတဲ့ ဥရောပ ကလပ်တွေထဲကမှသူ့အသင်းဟောင်း ဘာစီလိုနာဆီကိုသာ ပြန်လည် ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့ပေမယ့် ဘာဆာက သူ့ကို ခေါ်နိုင်ဖို့အတွက် ကစားသမားတွေ ရောင်းထုတ်ဖို့နဲ့ လစာလျှော့ချဖို့တွေ လိုအပ်နေသေးတာကြောင့် ဒီလို အခြေအနေတွေ မဖြစ်စေချင်တာကြောင့် ကတ်တလန်မြေပြန်ဖို့ကို အဆုံးသတ်ခဲ့တာပဲ ဖြစ်ပါတယ်။

leo

Photo Credit : Fox Sports

မက်ဆီအနေနဲ့ ဘာစီလိုနာကို ပြန်မသွားချင်ရင်တောင် သူ့ကို မက်မောလောက်စရာ ငွေကြေးတွေ ပုံအောပေးနေတဲ့ ဆော်ဒီကလပ် အယ်လ်ဟီလဲလ်ကို ရွေးချယ်လို့ ရပေမယ့်လည်း တကယ်တမ်းမှာတော့ အင်တာ မိုင်ယာမီကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ မိုင်ယာမီ ဘက်ကတော့ မက်ဆီရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘူးစကွတ် အယ်လ်ဘာ ဆွာရက်ဇ်တို့ကို ခေါ်ယူပေးသွားဖို့ ရှိနေတဲ့အပြင် လက်ရှိမှာ မက်ဆီရဲ့ လက်ရွေးစင် အသင်းဖော် ဒီမာရီယာကို ခေါ်ယူသွားဖို့ပါ စတင် လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

messi

Photo Credit : Fortune

ဒါတွေတင်မကသေးပဲ မက်ဆီအနေနဲ့ Apple+ Adidas တို့လို ကမ္ဘာကျော် အမှတ်တံဆိပ်တွေနဲ့ လက်တွဲပြီး ရှယ်ယာ အကျိုးအမြတ်တွေ ရရှိသွားမှာ ဖြစ်သလို ကစားသမားဘဝကို မိုင်ယာမီအသင်းမှာ အဆုံးသတ်ခဲ့ရင်လည်း အသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ပါ ရှိနေခွင့် ရဦးမှာပဲ ဖြစ်ပါတယ်။ အခုတော့ မက်ဆီလို GOAT ကြီး တစ်ဦးကို အရ ခေါ်ယူနိုင်ခဲ့တဲ့ မိုင်ယာမီ အသင်းဟာ သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ Followers အရေအတွက်တွေ သိသိသာသာ တိုးပွားလာခဲ့သလို ဘောလုံးပရိသတ်များစွာရဲ့ စိတ်ဝင်စားမှုကိုပါ တဟုန်ထိုး ရရှိလာခဲ့ပါတယ်။