လွမ်ဘရာဘမ် မြို့ဆိုတာ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ လာအိုနိုင်ငံရဲ့ မြောက်ဘက်အလယ်ပိုင်းမှာ တည်ရှိတဲ့ မြို့တော်တစ်ခုဖြစ်ပြီးတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ်ပါ သတ်မှတ်ခံထားရတဲ့ မြို့တော်တစ်ခုပါ။ မနက်ခင်းတိုင်းလိုလိုမှာ ရာနဲ့ချီတဲ့ ရွှေဝါရောင် သင်္ကန်းဝတ် ဘုန်းတော်ကြီးများက ဆွမ်းခံကြလာစဉ် လမ်းတစ်လျှောက် သံဃာတော်များကို ဆွမ်းကပ်လှူဖို့ စုဝေးသူများနဲ့ အရမ်းကို ကျက်သရေ ရှိလှတဲ့ မြင်ကွင်းကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။
Photo : Mad Moneky Hostels
နစ်ခန်းမြစ်နဲ့ နာမည်ကျော် မဲခေါင်မြစ်တို့ တွေ့ဆုံရာ မြစ်ဆုံနေရာမှာ တည်ရှိတဲ့ လွမ်ဘရာဘမ် မြို့အတွင်း များပြားလှစွာသော ဗုဒ္ဓဘာသာ စေတီပုထိုးများနဲ့ ဘုန်းကြီးကျောင်းများစွာကလည်း ထင်ရှားပါတယ်။ ဒီမြို့ဟာဗုဒ္ဓဘာသာရဲ့ လွှမ်းမိုးမှု ၊ တော်ဝင်မင်းဆက်များ ၊ ပြင်သစ်ကိုလိုနီ အာဏာစက်များနဲ့ သူတို့ရဲ့ လက်မှုပညာကို မြတ်နိုးတဲ့ မျိုးဆက်သစ် အနုပညာရှင်တို့ရဲ့ လွှမ်းမိုးမှုတွေနဲ့ ပုံဖော်ထားတာကြောင့် ခရီးသွားတွေရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်တဲ့ မြို့လည်း ဖြစ်ပါတယ်။ နောက်ပြီး ဒီမြို့ထဲမှာလည်း မြို့ရဲ့ တော်ဝင်နန်းတော်ပြတိုက်နဲ့ ဘုန်းတော်ကြီးပေါင်း (၃၀)ကျော်အထိပါ တည်ရှိနေပါတယ်။
လာအိုဒေသထွက် ဟင်းလျာများကို မြည်းစမ်းကြည့်ချင်ရင်း မဲခေါင်နေဝင်ချိန်ကို ကြည့်ရှုပြီး ရိုးရာအနုပညာနဲ့ လူမျိုးစုပညာဌာန (TAEC) မှာလည်း ဒေသထွက် အထည်အလိပ်ယက်ခြင်း ဓလေ့များကိုပါ လေ့လာနိုင်ပါတယ်။ တက်ကွမ်စီ ရေတံခွန်မှာလည်း ရေကူးဖို့အတွက် တစ်ရက်တာ ခရီးထွက်ဖို့ပါ လိုအပ်ပါတယ်။ ပြီးရင်တော့ မဲခေါင်မြစ်နားက ဘန်ဇန်ဟိုင်း ရွာလေးမှာ ဒေသခံတွေကိုယ်တိုင် ချက်လုပ်ထားတဲ့ တောအရက်ကို မြည်းစမ်းကြည့်ဖို့နဲ့ မြစ်ကမ်းနားမှာ ဗုဒ္ဓရုပ်ပွားတော်များရှိရာ ထုံးကျောက် လိုဏ်ဂူနှစ်ခုရှိတဲ့ Pak Ou ကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။
Photo : Ock Pop Tok
လွမ်ဘရာဘမ် ဟာ ယခင်ကတော့ ဘုရင့်နိုင်ငံရဲ့ မြို့တော်လည်း ဖြစ်ခဲ့ပြီးတော့ ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သော ဗိသုကာ၊ ဘာသာရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်များ၊ ရာစုနှစ် တချို့ကြာအောင် ကျေးလက်နဲ့ မြို့ပြရောနှော ဖွံ့ဖြိုးခဲ့တဲ့ လက္ခဏာများနဲ့ ၁၉ရာစု ၂၀ရာစုနှစ်တွေအတွင်း ပြင်သစ်ကိုလိုနီ လွှမ်းမိုးမှုတွေကြောင့် ၁၉၉၅ခုနှစ်မှာပဲ ယူနက်စကိုရဲ့ ကမ္ဘာ့အမွှေအနှစ်နေရာအဖြစ် စာရင်းသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
Featured Photo : Mytrvelation