ယောဂကျင့်ခြင်းဟာ ကြွက်သားများကို ပျော့ပြောင်းသန်မာစေအောင်ကူညီပေးနိုင်ရုံသာမက ကြံ့ခိုင်မှု ၊ ပျော့ပြောင်းနိုင်စွမ်းနဲ့ လှုပ်ရှားနိုင်မှုတွေကိုပါ တိုးတက်စေပါတယ်။ အမျိုးသားစစ်တမ်းတစ်ခုအရ ဖြေဆိုသူအများစုဟာ ကျန်းမာရေးအတွက် ယောဂ လေ့ကျင့်ပြီးတဲ့နောက် ရလဒ်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ခံစားရကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ အသက်အရွယ်မရွေး အလွယ်တကူကစားနိုင်တဲ့ ညဘက်မှာ ပိုမိုကောင်းမွန်စွာအိပ်ပျော်စေဖို့ ကူညီပေးနိုင်မယ့် ယောဂ Pose တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Legs Up the Wall (Viparita Karani)

Photo : eMediHealth

ပထမဆုံးတစ်ခုကတော့ Wall Pose ပါ။ ခန္ဓာကိုယ်ကို ပက်လက်လှန်ကာ ခြေထောက်တွေကို နံရံမှာမှီပြီး မြှောက်ထားရုံနဲ့ သင့်ရဲ့အာရုံကြောစနစ်သို့ နှိပ်နယ်ပေးလိုက်သလို သက်ရောက်မှု ရှိသွားစေပြီး ဦးနှောက်ကို အပန်းပြေစေမယ့် အချက်ပြမှုတွေကို ပေးပို့နေမှာဖြစ်ပါတယ်။ ဒီ Pose က နှလုံးနဲ့ အတွင်းအင်္ဂါတွေဆီကို သွေးစီးဆင်းမှုကိုကောင်းစေပြီး အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

(၂) Child’s Pose (Balasana)

Photo : eMediHealth

ဒီပုံစံကတော့ စိတ်တည်ငြိမ်မှုနဲ့ အတွင်းစိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တဲ့ Child’s Pose ဖြစ်ပြီး စိတ်ဖိစီးနေတဲ့အခါတိုင်း ဒါမှမဟုတ် နှလုံးခုန်နှုန်းမြင့်တက်နေချိန်တွေမှာ အနားယူဖို့ အကောင်းဆုံး ယောဂ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒါကြောင့် ဒီ Pose ကို စိတ်ရှုပ်ထွေးနေတဲ့အချိန် ဒါမှမဟုတ် ယောဂအတန်းတွေမှာ လေ့ကျင့်ဖို့ခက်ခဲလာတိုင်း ဆရာတွေက အသုံးပြုရန် တိုက်တွန်းထားတာ ဖြစ်ပါတယ်။

(၃) Reclining Bound Angle (Supta Baddha Konasana)

Photo : eMediHealth

Reclining Bound Angle လို့ခေါ်တဲ့ အံ့သြဖွယ်ကောင်းတဲ့ ကိုယ်ဟန်အနေအထား ယောဂလေ့ကျင့်ခန်းကတော့ တွန်းအား ဒါမှမဟုတ် တင်းမာမှုမရှိဘဲ ခန္ဓာကိုယ်နောက်ပိုင်းကို ညင်သာစွာ ဆန့်ထုတ်နိုင်ဖို့ ကမ္ဘာကြီးရဲ့ဆွဲငင်အားကို အသုံးပြုပြီး လေ့ကျင့်ရတာ ဖြစ်ပါတယ်။ ဒီယောဂ Pose က သင်ရဲ့ နောက်ကျောအောက်ပိုင်းကြွက်သားတွေနဲ့ တင်ပါးတွေအတွက် အသက်ကယ်နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

(၄) Corpse Pose (Savasana)

Photo : eMediHealth

လှဲလှောင်ပြီး အသက်ရှူရတဲ့ ရိုးရာအပန်းဖြေ ယောဂ ကိုယ်ဟန် Savasana ကတော့ စိတ်နဲ့ခန္ဓာကိုယ်ကို အိပ်မက်ကမ္ဘာသို့ ပိုဆောင်ပေးမယ့် အကောင်းဆုံးအခြေခံ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

(၅) Reclined Twist (Supta Matsyendrasana II)

Photo : eMediHealth

အခုပြထားတဲ့ ယောဂပုံစံကတော့ အိပ်စက်မှုကိုအထောက်အကူပြုတဲ့အပြင် စိတ်ဖိစီးမှု၊ ဝမ်းချုပ်ခြင်း၊ ဦးနှောက်ထွေပြားခြင်းနဲ့ အစာခြေပြဿနာတွေကို သက်သာစေဖို့ လေ့ကျင့်နိုင်တဲ့ ယောဂ Pose ဖြစ်ပါတယ်။ ဒီ Pose ကို မတ်တပ်ရပ်တာ၊ ထိုင်တာ ဒါမှမဟုတ် လှဲလျောင်းနေရင်းလည်း ပြုလုပ်နိုင်ပါတယ်။ ရေပြင်ညီ အနေအထားအတိုင်း ငြိမ်သက်နေဖို့ ခန္ဓာကိုယ်ကိုအသိပေးပြီး Parasympathetic အာရုံကြောစနစ်ကို နှိုးဆွပေးကာ ပုံမှန်ပြန်ဖြစ်စေဖို့ လေ့ကျင့်လေ့ရှိကြပါတယ်။

Featured Photo : Masterclass