လီဗာပူးလ် အသင်းရဲ့ အီဂျစ် လက်ရွေးစင် တိုက်စစ် ကစားသမား မိုဟာမက် ဆာလာ ကို ဆော်ဒီ ပရိုလိဂ်ရဲ့ လက်ရှိ ချန်ပီယံ အယ်လ် အစ်တီဟတ်အသင်းက တစ်နှစ်လုပ်ခ ယူရို သန်း(၉၀)နဲ့ နှစ်နှစ်စာချုပ်အတွက် ယူရို သန်း(၁၈၀)အထိ မက်မောလောက်ဖွယ်ရာ ကမ်းလှမ်းမှုကြီးတစ်ရပ်ကို ကမ်းလှမ်းခဲ့ပေမယ့်လည်း ဆာလာကတော့ လီဗာပူးလ်မှာပဲ ဆက်ရှိသွားမယ်လို့ အေးဂျင့်ဖြစ်သူက တုံ့ပြန် ပြောကြားလိုက်ပါတယ်။

mo salah

Photo Credit : Sporting Life

အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် နဲ့ သူ့အသင်းဖော် ဖာဘင်ညိုတို့ကို ဆော်ဒီလိဂ်က ကလပ်အသင်းတွေဆီ လက်လွတ်ထားခဲ့ရတဲ့ လီဗာပူးလ် အသင်းဟာ အခုလည်း အသင်းရဲ့ အရေအပါဆုံး ကစားသမား မိုဆာလာကိုပါ ထပ်မံ ချိန်ရွယ်ခံခဲ့ရပေမယ့်လည်း ဆာလာ ကတော့ လီဗာပူးလ်အသင်းမှာ အပြည့်အဝ ဆက်ကစားသွားဖို့သာ ဆန္ဒရှိတယ်လို့ ဆာလာရဲ့ အေးဂျင့် ရာမီ ဘားစ်က ရှင်းလင်း ပြောဆိုလိုက်ပါတယ်။

mohammed salah

Photo Credit : Goal

“တကယ်လို့ ဒီနှစ်မှာ အသင်းကနေ ထွက်ခွာသွားဖို့ စဉ်းစားမယ်ဆိုရင် ကျွန်တော်တို့ မနှစ်ကတည်းက အသင်းနဲ့ သက်တမ်းတိုး စာချုပ်မှာ လက်မှတ်ထိုးခဲ့မှာ မဟုတ်ပါဘူး။ ဆာလာက လီဗာပူးလ် အသင်းအတွက်ကိုပဲ အာရုံစိုက်ထားပါတယ်။” လို့ အေးဂျင့် ရာမီ ဘားစ်က ရှင်းလင်းသွားခဲ့ပါတယ်။ ဆာလာ က လီဗာပူးလ်အသင်းနဲ့ (၃)နှစ် သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ပြီးခဲ့တဲ့နှစ် နွေမှာကတည်းက ချုပ်ဆိုထားခဲ့တာဖြစ်လို့ အသင်းမှာ ၂၀၂၅ခုနှစ် ဇွန်လထိ ဆက်လက် ရှိနေမှာလည်း ဖြစ်ပါတယ်။

fabinho

Photo Credit : Youtube

ဒီလို ဆာလာ ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဆော်ဒီ ကလပ် အယ်လ် အစ်တီဟတ်အသင်းက လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား ဖာဘင်ညိုကိုလည်း ယူရို (၄၆.၇)သန်းနဲ့ ခေါ်ယူထားခဲ့သေးတာ ဖြစ်သလို ပြင်သစ် ထိပ်သီး ကစားသမားကြီးတွေဖြစ်တဲ့ ကာရန် ဘန်ဇီမာ နဲ့ အန်ဂိုလို ကန်တေတို့ကိုလည်း အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားပြီး မြင့်မားလွန်းလှတဲ့ လုပ်ခ လစာတွေကိုလည်း ပေးချေထားပါတယ်။

Featured Photo : Liverpool Echo