ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆုဖလားတွေနဲ့ အလှမ်းဝေးနေတဲ့ မန်ယူအသင်းက ခါရာဘောင်း လိဂ်ဖလား တစ်နည်းအားဖြင့် အချိုရည်ဖလားကို ဆွတ်ခူးပြီး ဖလားလက်မဲ့ ရာသီကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီဖလားအတွက် မန်ယူက နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး (၂)ဂိုးပြတ်နဲ့ အနိုင်ယူရင်း အချိုရည်ဖလား ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။
Photo Credit : The Sun
အခုလည်း တိုက်တိုက်ဆိုင်ဆိုင် ဒီအသင်းနှစ်သင်းဟာ အခုနှစ် အချိုရည်ဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာ ထပ်မံ ဆုံတွေ့နေရပါတယ်။ အခုတစ်ကြိမ်ကတော့ မန်ယူရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ မန်ယူက ဒီပြိုင်ပွဲမှာ ထပ်မံ ဖလားရယူသွားဖို့ အာရုံစိုက်နေသလို သူတို့ ရင်ဆိုင်သွားရမယ့် နယူးကာဆယ်ဆိုရင်လည်း တတိယအဆင့်မှာပဲ မန်စီးတီးလို အသင်းကောင်းတစ်သင်းကို ကျော်ဖြတ်ခဲ့တာဖြစ်လို့ နောက်ထပ် မန်ချက်စတာတစ်သင်းကိုပါ ထပ်မံ နောက်ကောက်ချနိုင်ဦးမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
Photo Credit : The Sun
ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက နယူးကာဆယ်အနေနဲ့ ပြီးခဲ့တဲ့နှစ် အချိုရည်ဖလား ဖိုင်နယ် မကျေပွဲကို ပြန်ပြီး ကလဲ့စားချေနိုင်မလား ဆိုတာပါ။ မန်ယူကလည်း ဒီရာသီထဲ အိုးထရက်ဖို့ဒ်မှာ ပြိုင်ပွဲစုံ (၄)ပွဲအထိတောင် ရှုံးပွဲတွေ့ထားခဲ့သလို ဒီတနင်္ဂနွေမှာပဲ မန်စီးတီးကို ဂိုးပြတ်ခြေပြတ်နဲ့ အရေးနိမ့်ထားပါသေးတယ်။ တန်ဟက်ဂ်ရဲ့ ကစားသမားတွေကလည်း ယုံကြည်မှုပိုင်းမှာ ဆိုးဆိုးရွှားရွှား ကျဆင်းလို့နေရပြီး အခုပွဲမှာ ဘယ်လို bounce back လုပ်ပြနိုင်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရပါမယ်။
Photo Credit : The Sun
နယူးကာဆယ်ကလည်း ဒီရာသီ အဝေးကွင်းရလဒ် သိပ်ကောင်းမွန်ခြင်း မရှိပေမယ့်လည်း ခြေစွမ်းပိုင်း လိုအပ်ချက်တွေ ရှိနေတဲ့ မန်ယူကိုတော့ အဝေးကွင်းမှာ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ဖွယ် ရှိနေပါတယ်။ နှစ်သင်းလုံးကတော့ ဥရောပပွဲတွေလည်း ကစားနေရတာဖြစ်လို့ အခုပွဲက ကစားသမား အင်အားကို အနည်းငယ်လေး ချွေတာလာနိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲပြီးရင် အာဆင်နယ် ဒေါ့မွန်တို့နဲ့ ဆက်ကစားသွားရမယ့် နယူးကာဆယ်အတွက်က ပိုခက်ခဲနိုင်တဲ့ အနေအထား ဖြစ်နေသလို မန်ချက်စတာဒါဘီ ရှုံးပွဲကနေ ပြန်လည် ပေါက်ကွဲထွက်မယ့် မန်ယူက အိမ်ကွင်းမှာ အခြေအနေကောင်းတစ်ခု ရရှိသွားနိုင်ပါတယ်။
Featured Photo : Goal