မနေ့က (၁၁)ဂဏန်းနဲ့ ပတ်သတ်ပြီး ထူးထူးခြားခြား တိုက်ဆိုင်မှုလေးတွေ ဖြစ်ပေါ်သွားခဲ့တယ်ဆိုတာကို ဘောလုံးဝါသနာရှင် ကွီးတွေ သတိထားမိလိမ့်မယ်လို့ ထင်ပါတယ်။ မသိရင် ကြိုတင်ပြီး script ရေးထားသလိုပါပဲ။ ဘယ်လို တိုက်တိုင်မှုတွေ ဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော် သေချာလေး ရှင်းပြပေးပါမယ်။

new vs old

Photo Credit : Twitter

မနေ့ညက မြန်မာစံတော်ချိန် ည(၁၁)နာရီအချိန်မှာ ဂရေဟမ်ပေါ်တာရဲ့ ချဲလ်ဆီးအသင်းက အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ အက်စတွန်ဗီလာအသင်းကို ဧည့်ခံသွားခဲ့သလို ချဲလ်ဆီးရဲ့ နည်းပြဟောင်း သောမတ်စ်တူဟယ်လ်ကလည်း သူရဲ့ ဘိုင်ယန်နည်းပြဘဝ ပထမဆုံးသော ပွဲစဉ်အဖြစ် သူ့အသင်းဟောင်း တစ်သင်းဖြစ်သော ဒေါ့မွန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

potter vs tuchel

Photo Credit : Twitter

ချဲလ်ဆီးအသင်းကို ရှေ့ဆင့်နောက်ဆင့် ကိုင်တွယ်ထားသူ နည်းပြနှစ်ဦးရဲ့ ပွဲစဉ်တွေက ည(၁၁)နာရီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျင်းပဖြစ်ခဲ့ပြီး လက်ရှိ ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကတော့ အိမ်ကွင်းမှာ ဗီလာကို (0-2) နဲ့ အရှံးပေးခဲ့ရကာ ချဲလ်ဆီးနည်းပြဟောင်း တူဟယ်လ်က ဒေါ့မွန်ကို (4-2) နဲ့ အနိုင်ယူပြီး အဆင့်(၁)နေရာကိုပါ ပြန်လည် သိမ်းပိုက်သွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ရှုံးပွဲ တွေ့ခဲ့ရတဲ့ ပေါ်တာရဲ့ ချဲလ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁၁)နေရာအထိ ရောက်ရှိသွားခဲ့ရလို့ လာမယ့်ရာသီမှာ အနိမ့်ဆုံး ဥရောပဝင်ခွင့်ဖြစ်သော ကွန်းဖရန့်စ်လိဂ်ဝင်ခွင့်အတွက်ပါ မရေမရာ ဖြစ်လာခဲ့ရပါတယ်။

potter

Photo Credit : Twitter

နောက်ထပ် (၁၁)ဂဏန်းနဲ့ သက်ဆိုင်နေတာကတော့ ချဲလ်ဆီးနည်းပြ ပေါ်တာပါ။ ပေါ်တာက သူရဲ့ ချဲလ်ဆီးနည်းပြဘဝ ပရီးမီးယားလိဂ် အိမ်ကွင်း (၁၁)ပွဲ ကိုင်တွယ်ထားပြီးချိန်မှာ အိမ်ကွင်းနိုင်ပွဲ (၄)ပွဲသာ ရှိထားရတဲ့အထိ သူရဲ့ အသင်းအပေါ် စွမ်းဆောင်မှုတွေက မေးခွန်းထုတ်ချင်စရာ ဖြစ်နေရပါတယ်။ ပြီးခဲ့တဲ့ မတ်လ တစ်လလုံး လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ဧပြီလအစမှာတော့ အိမ်ကွင်း ရှုံးပွဲနဲ့ပါ ရင်ဆိုင်လိုက်ရပြီး အခုဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲက (၁၀)ပွဲအထိကို ရှိထားခဲ့ပြီပဲ ဖြစ်ပါတယ်။