ရာစုနှစ်ပေါင်းများစွာ ကြာအောင် လူတွေဟာ အသက်ရှည် နုပျိုခြင်းရဲ့ လျှို့ဝှက်ချက် နောက် လိုက်နေကြခဲ့ပါတယ်။ ရှင်သန်နုပျိုခြင်းအတွက် ဒဏ္ဍာရီထဲကလို ဆေးဝါး မန္တန်တွေနဲ့ အသက်ဆက်နိုင်မလားလို့ အများကလည်း ယုံကြည်ကိုးစားခဲ့တာတွေ ရှိပါတယ်။ အခုခေတ်မှာ လူတစ်ယောက်ရဲ့ ပျမ်းမျှ သက်တမ်းဟာ ၇၂ နှစ်ကျော်ပဲ ရှိပါတယ်။

ဘဝမှာ အသက်ရှည် တယ်လို့ ပြောကြရင် အသက် ၈၀ ကျော် ၉၀ တန်းတွေ ဖြစ်နေတာ တွေ့ရမှာပါ။ အသက် ၉၀ နဲ့ အထက် ရှည်တဲ့ ပုဂ္ဂိုလ်တွေဟာ သက်ရှည်ကျန်းမာဖို့ ဆေးကောင်းဝါးကောင်းတွေ သုံးလို့ ဆိုတာထက် ဘဝနေနည်း Way Of Life ပုံစံ မှန်ကန်လို့ ဖြစ်ပါတယ်။ Ikaria လို့ ခေါ်တဲ့ ဂရိကျွန်းငယ်လေးမှာ နေထိုင်သူတွေဟာ လူ့သက်တမ်း ရှည်ရှည် နေနိုင်ကြပါတယ်။ ဖျားနာတာမျိုး ဖြစ်ခဲသလို ကင်ဆာရောဂါ နဲ့ တခြားရောဂါတွေလည်း ဖြစ်လေ့ မရှိဘူးလို့ တွေ့ရပါတယ်။

နောက်ထပ် အံ့ဩစရာက Ikaria ကျွန်းသားတွေဟာ အသက် ၉၀ နဲ့ အထက် ကျန်းကျန်းမာမာ နေထိုင်သွားတဲ့ ဖိုးသက်ရှည်တွေက များတယ် ဆိုတာပဲ ဖြစ်ပါတယ်။ အခုလို အသက်ရှည်တာဟာ ဘာမှ ခက်ခက်ခဲခဲ မဟုတ်တဲ့ ဘဝနေနည်း Way Of Life လေးတွေနဲ့ နေထိုင်သွားလို့ ဖြစ်ပါတယ်။ Ikaria ကျွန်းသားတွေ နေထိုင်မှုပုံစံက တစ်ကမ္ဘာလုံးက လူတိုင်း လိုက်ပြီး လုပ်နိုင်လောက်အောင် ရိုးရှင်းပါတယ်။ ဒီဆောင်းပါး မှာတော့ Ikaria ကျွန်းသားတွေရဲ့ ဖိုးသက်ရှည် ဖြစ်စေမယ့် နည်းလမ်း ၆ မျိုးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

(၁) ဒေသထွက်အစားအစာတွေ စားပါ။ အစားလျှော့စားပါ

Foods

Photo : Pexels

Ikaria ကျွန်းသားတွေ အသက်ရှည် ရတဲ့ လျှို့ဝှက်ချက် တစ်ခုက အစားအသောက်ကို ဆန်းဆန်းပြားပြား လုပ်စားတာမျိုး မရှိဘဲ ဒေသထွက် အစားအသောက်တွေပဲ ရိုးရိုးပဲ စားသလို စားရာမှာလည်း အများကြီး မစားဘဲ သင့်တင့်ရုံပဲ မျှတအောင် စားဖို့ လိုပါတယ်။ သဘာဝအစားအသောက်တွေကို အားပြုစားသောက်ပြီး ဒီနေ့ခေတ် လူတွေ အလွန်အကျွံစားလေ့ရှိတဲ့ သကြားတွေ ၊ အသင့်စား Processed Foods တွေ ၊ လူကို ဥပါဒ်ဖြစ်စေတဲ့ Junk Foods တွေကို ကျွန်းသားတွေက စားလေ့မရှိကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ အသက် ၈၀ ကျော် ၉၀ အထိ ကျန်းကျန်းမာမာ နေနိုင်တာ ဖြစ်ပါတယ်။

(၂) လမ်းလျှောက်ပါ

Walk

Photo : Pexels

နောက်ထပ် ရိုးရှင်းတဲ့ ကျန်းမာရေး လျှို့ဝှက်ချက် တစ်ခုက လမ်းလျှောက်ပါ ။ လျှောက်ပြီးရင်း လျှောက်ပါ။ Walk , Walk , Walk ပါပဲ။ လမ်းလျှောက်ဖို့အတွက် ပိုက်ဆံတစ်ကျပ်မှ ကုန်စရာမရှိသလို ထွေထွေထူးထူး လေ့ကျင့်နည်းလည်း မလိုလို့ လူတိုင်း လုပ်နိုင်ပါတယ်။ နေ့စဉ် နေ့စဉ် ပုံမှန် လမ်းလျှောက်ပေးမယ်ဆို စိတ်ဖိစီးမှု လျော့ကျပြီး စိတ်ခံစားချက် Mood တက်လာနိုင်ပါတယ်။

ကယ်လိုရီလောင်ကျွမ်းမှု ပိုကောင်းလာပြီး နာတာရှည် ဖျားနာမှုတွေ လျော့ကျစေသလို ဦးနှောက်စွမ်းဆောင်ရည်လည်း တိုးတက်လာနိုင်ပါတယ်။ နေ့တိုင်း တစ်ရက်ကို နာရီဝက် ၁ နာရီလောက် ပုံမှန် လမ်းလျှောက်ပေးခြင်းအားဖြင့် နှလုံးကျန်းမာရေး နဲ့ အစာအိမ်စနစ်အတွက်ပါ အထောက်အကူပြုလို့ ကျန်းမာသက်ရှည်စေပါတယ်။

(၃) အိပ်ချိန် များများ ယူပါ

Sleep

Photo : Pexels

Ikaria ကျွန်းသားတွေဟာ အိပ်ချိန် များများ ယူပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ဖြစ်ဖို့ ဂရုစိုက်ပါတယ်။ လူ့ခန္ဓာကိုယ်ဟာ အိပ်ရေးဝလာရင် ပြည့်ပြည့်ဝဝ အနားရသလို စွမ်းအင်ဖြည့်တင်းရာလည်း ရောက်ပါတယ်။ အိပ်စက်မှု အရည်အသွေး Quality Of Sleep မြင့်မားသူတွေဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု ဖြစ်တာ လျော့ကျသလို အသားအရေကြည်လင်ခြင်း စိတ်ဖိစီးမှုဒဏ် သက်သာခြင်း စတဲ့ အကျိုးတွေ ခံစားရမှာပါ။

(၄) ဘာမှ မလောနဲ့။ စိတ်အေးလက်အေးနေပါ

Stress Free

Photo : Pexels

Ikaria ကျွန်းသားတွေမှာ အတုယူစရာ အလေ့အကျင့်တစ်ခု ရှိပါတယ်။ အဲ့ဒီအချက်ကတော့ ကြာကြာ စိတ်အညစ်မခံသလို ဘဝကိုလည်း သိပ်ပြီး အလောတကြီး နဲ့ မောကြီးပန်းကြီး လှုပ်ရှား ရုန်းကန်တာမျိုး မရှိတာပဲ ဖြစ်ပါတယ်။ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ကြုံလာတဲ့ အာရုံတွေနောက် သေပြေးရှင်ပြေး လိုက်နေကြတဲ့ခေတ်မှာ Ikaria ကျွန်းသားတွေကတော့ ဘဝကို အေးအေးဆေးဆေး ညိမ့်ညိမ့်ညောင်းညောင်းနဲ့ ဖြတ်ကျော်လေ့ရှိပါတယ်။ ဒီအလေ့အကျင့်ကောင်းကို ဘယ်သူမဆို လိုက်နာသင့်တယ်လို့ ညွှန်းချင်ပါတယ်။ လက်ရှိဘဝကို ပြည့်ပြည့်ဝဝ အရသာခံ ဖြတ်သန်းချင်တယ် ဆိုရင် စိတ်ကို တရားထိုင်သလို အေးအေးဆေးဆေး ဖြေလျှော့ထားပြီး ပစ္စုပ္ပန်အတိုင်း ဖြတ်ကျော်ဖို့ပဲ ဖြစ်ပါတယ်။

(၅) လွှတ်ချတတ်ပါစေ

Relax

Photo : Pexels

စိတ်ဖိစီးမှုဟာ ကျွန်တော်တို့ခေတ်ရဲ့ ဒဏ်ရာမပြတဲ့ ရောဂါဆိုးကြီးတစ်ခု ဖြစ်ပါတယ်။ လူတွေဟာ စိတ်ဖိစီးတင်းကြပ်မှုတွေ ၊ အတိတ် နောင်တတွေနဲ့ ကိုယ့်အသက်ကိုယ် တိုအောင် လုပ်နေမိတာပါ။ စိတ်ချမ်းသာပြီး အသက်ရှည် ချင်ရင် အတိတ်ကို လွှတ်ချတတ်ဖို့ အရေးကြီးပါတယ်။

(၆) သဘာဝထဲ နေထိုင်ပါ

Nature

Photo : Pexels

သဘာဝတရားကြီးက ကိုယ့်ရဲ့ ကိုယ်နဲ့ စိတ် ကျန်းမာရေးကို ကုစားပေးမယ့် ဆေးဆရာကြီး ဖြစ်ပါစေ။ အသက်ရှည် ရှည် နေနိုင်ဖို့ဆို အစားအသောက်ကိုလည်း သဘာဝဆန်ဆန်စား ၊ နေထိုင်မှုပုံစံလည်း ရိုးရိုးရှင်းရှင်း နဲ့ တတ်နိုင်သလောက် နည်းပညာပစ္စည်းတွေ ၊ ခေတ်ပေါ် နေထိုင်စားသောက်မှုတွေ ရှောင်ကြဉ်ပါလို့ အကြံပေးချင်ပါတယ်။

Featured Photo : verywellhealth