အောင်မြင်မှု အတွက် အရေးအကြီးဆုံး အဓိကသော့ချက်တစ်ခုကတော့ အခွင့်အရေးကောင်း များကို အမိအရဖမ်းဆုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ အခွင့်အရေးဆိုသည်မှာလည်း ကံကိုယုံပြီး ထိုင်စောင့်နေလို့မရသလို ကိုယ့်ဆီကို အခွင့်အရေးတစ်ခု ရောက်လာပါကလည်း အမိအရဆုပ်ကိုင်လိုက်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အခွင့်အရေးဆိုတာ နှစ်ခါ မလာလို့ပဲ ဖြစ်ပါတယ်။

အချို့သော လူငယ်တွေကို ကြည့်လိုက်ရင် ကိုယ်နဲ့ သက်တူရွယ်တူတွေဆိုပေမယ့် သူတို့က ပိုအောင်မြင်နေသလို ခံစားရပါလိမ့်မယ်။ ဒါသည် ဘာ့ကြောင့်လို့ ထင်ပါသလဲ။ သူတို့သည် သူတို့ရဲ့ အောင်မြင်မှု အတွက် အခွင့်အရေးကောင်း များကို အကောင်းဆုံး ပုံဖော်နိုင်ပြီး အမိအရ ဖမ်းဆုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ထိုကဲ့သို့သော အောင်မြင်နေတဲ့သူတွေလိုမျိုး အောင်မြင်မှု အတွက် အခွင့်အရေးကောင်း များကို ဘယ်လို ဖန်တီးယူကြမလဲ။ ဘယ်လိုအမိအရဖမ်းဆုပ်ကြမလဲ။

ကိုယ့်ရဲ့ အားသာချက် အားနည်းချက်များကို သိမြင်ပါစေ

အောင်မြင်မှု အခွင့်အရေးကောင်း

ကောင်းမွန်တဲ့ အခွင့်အရေးများကို မဖန်တီးခင်မှာ အရင်ဦးဆုံး ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ် ကိုယ်တိုင်သည် ဘယ်လိုလူစားမျိုး ဖြစ်သလဲဆိုတာကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ကိုယ်သည် ဘယ်အပိုင်းမှာတော့ အားသာချက်၊ ကျွမ်းကျင်မှုရှိတယ်၊ ကိုယ့်ရဲ့ အားနည်းချက်များကတော့ ဘယ်အရာတွေဖြစ်သလဲ။ ထိုအားနည်းချက်များကို အားသာချက်ဖြစ်အောင် ဘယ်လိုပြောင်းလဲပြုပြင်ရမလဲ အစရှိတဲ့အချက်များဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မယ်။

ထိုကဲ့သို့ ဆန်းစစ်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းများဖြင့် ပြန်မေးလိုက်ပါ။

(၁) ကိုယ့်ကိုယ်ကိုယ် ဘယ်အချက်ကြောင့် သဘောအကျဆုံးလဲ။

(၂) ကိုယ့်ကိုယ်ကိုယ် စကားလုံးတစ်လုံးတည်းနဲ့ အဓိပ္ပာယ် သတ်မှတ်ရမယ်ဆိုရင် ဘယ်လို အဓိပ္ပာယ် သတ်မှတ်မလဲ။

(၃) ကိုယ့်မှာ သူမတူတဲ့ ဘယ်လိုအရည်အချင်းမျိုးတွေ ပိုင်ဆိုင်ထားသလဲ။

(၄) ကိုယ့်ပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

(၅) ကိုယ့်ရဲ့အထူးချွန်ဆုံး နယ်ပယ်တစ်ခု၊ ပါရမီအရှိဆုံးအရာတစ်ခုက ဘယ်အရာဖြစ်မလဲ။

ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို ယုံကြည်ပါ

အောင်မြင်မှု အခွင့်အရေးကောင်း

စောစောက မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်ပြီးသွားတဲ့အခါ သင်သည် ဘယ်လိုလူစားမျိုးဖြစ်သလဲဆိုတာကို ကောင်းကောင်းကြီး သိနားလည်သွားပါလိမ့်မယ်။ ကိုယ် လိုချင်တဲ့အရာက ဘာဖြစ်မလဲ။ အောင်မြင်မှု အတွက် အခွင့်အရေးကောင်း တွေကို ဘယ်လို ဖန်တီးရမလဲဆိုတာ သိနားလည်သွားပြီပဲ ဖြစ်ပါတယ်။

ထိုကဲ့သို့ သိနားလည်သွားပြီဆိုရင် ကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့ ကိုယ့်ရဲ့ အရည်အချင်းကို ယုံကြည်ဖို့ လိုအပ်ပါမယ်။ မိမိကိုယ်ကိုယ် ယုံကြည်ခြင်းအားဖြင့် ယခင်က တစ်ခါမှ မဖွင့်ဖူးခဲ့တဲ့ တံခါးများကို ယခုအချိန်မှာ ဖွင့်လှစ်သွားနိုင်ပါလိမ့်မယ်။ သင့်ကိုယ်သင် ယုံကြည်တဲ့အခါ အခြားသူများကလည်း သင့်ကို ယုံကြည်လာပါလိမ့်မယ်။ သင့်ကိုယ်သင် မယုံကြည်ဘဲနဲ့တော့ အခြားသူတွေက သင့်ကို ယုံကြည်ဖို့တော့ မမျှော်လင့်လိုက်ပါနဲ့။

Comfort Zone ထဲကနေ ရုန်းထွက်ပါ

အောင်မြင်မှု အခွင့်အရေးကောင်း

အခွင့်အလမ်းကောင်းများသည် Comfort Zone ထဲမှာဆိုရင် ဖြစ်တောင့်ဖြစ်ခဲ၊ ပေါ်ပေါက်လာဖို့ ခဲယဉ်းပါတယ်။ သင့်ရဲ့ Comfort Zone ကနေ ရုန်းထွက်ဖို့အတွက် သင့်ရဲ့ Confidence ကို ရဲရဲကြီး အသုံးချလိုက်ပါ။ Comfort Zone ထဲမှာပဲ နေမယ်ဆိုရင်တော့ သင့်ဆီကို ဘယ်လိုအခွင့် အရေးမှ ရောက်ချလာမှာ မဟုတ်ပါဘူး။ အသက်တွေပဲ တဖြည်းဖြည်း ကြီးလာမှာပဲဖြစ်ပြီး Comfort Zone ထဲကနေ ရုန်းထွက်သွားကာ အောင်မြင်မှု အတွက် အခွင့်အရေးကောင်း များဖန်တီးနေတဲ့ အခြားသောလူငယ်များနှင့် အပုံကြီးကွာသွားပါလိမ့်မယ်။ အချိန်တစ်ခုကြာလာတဲ့အခါ သင်ကတော့ Comfort Zone ထဲမှာ ဘာမှ အရေးမပါတဲ့သူတစ်ယောက်အဖြစ် ကျန်ရစ်ခဲ့ပြီး အခြားသောသူများကတော့ အောင်မြင်မှုကိုယ်စီ ပိုင်ဆိုင်သွားကြပါလိမ့်မယ်။

ပွင့်လင်းတဲ့ စိတ်နေစိတ်ထားမျိုး ပိုင်ဆိုင်ထားပါစေ

အောင်မြင်မှု အခွင့်အရေးကောင်း

အောင်မြင်ချင်တဲ့သူသည် မပွင့်တပွင့် ဆက်ဆံနေလို့ မရပါဘူး။ စီးပွားရေး လုပ်တဲ့အခါမှာတော့ ပွင့်ပွင့်လင်းလင်းနဲ့ သွက်သွက်လက်လက်ရှိမှသာလျှင် အခြားသော မိတ်ဖက်များကလည်း သင်နဲ့အတူတူ အလုပ်လုပ်ချင်မှာပါ။ ထိုကဲ့သို့မဟုတ်ဘဲ အရိပ်ပြသော်လည်း အကောင်မမြင်၊ အခြားသောသူများကို ရှက်သလိုလို ကြောက်သလိုလို လုပ်နေမယ်ဆိုရင်တော့ သင့်ဆီရောက်လာတဲ့ အခွင့်အရေးကောင်းတွေသည် ချက်ချင်း လှည့်ပြန်သွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်အလုပ်မဆို လုပ်ကိုင်တဲ့အခါ ပွင့်ပွင့်လင်းလင်းနဲ့ စိတ်နေစိတ်ထား မှန်မှန်ကန်ကန် လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။

လူတိုင်းအပေါ်မှာ စိတ်ကောင်းနှလုံးကောင်းထားပါ

colleagues

ဒီအချက်သည်လည်း စောစောက အချက်နဲ့ ဆက်နွယ်နေပါတယ်။ လူတစ်ယောက်သည် အခြားသူအပေါ် ကောက်ကျစ်ယုတ်မာတဲ့ စိတ်မျိုး ထားနေမယ်ဆိုရင်တော့ တစ်နေ့နေ့တချိန်ချိန်မှာလည်း သူ ပြုလုပ်တဲ့အရာက သူ့ထံပဲ ပြန်ရောက်လာမှာဖြစ်ပါတယ်။ လူတိုင်းအပေါ်မှာ စိတ်ကောင်း နှလုံးကောင်းထားမယ်။ ကိုယ် လုပ်နေတဲ့အလုပ်အပေါ် စေတနာသန့်သန့်ထားပြီး လုပ်ငန်းဆောင်တာများကို လုပ်ဆောင်တဲ့အခါ နောက်ဆုံးသော ရလာဒ်ကောင်း အသီးအပွင့်ကောင်းကို တစ်ချိန်ချိန်မှာ ပြန်လည်ရရှိမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ အရည်အချင်းတွေကို ကောင်းတဲ့နေရာမှာ အသုံချပါ။ အချိန်အားရင် အားသလို ပရဟိတလုပ်ငန်းများ လုပ်ဆောင်ကာ မိမိရဲ့ စိတ်ကောင်း နှလုံးကောင်းကို များများမွေးမြူသင့်ပါတယ်။

ဆုံးဖြတ်ချက် ပြတ်သားပါစေ

moving forward

ကိုယ့်ဆီကို အခွင့်အလမ်းသစ်များ ရောက်လာပြီဆိုရင်တော့ ယုံကြည်ချက်အပြည့်နဲ့ ရဲရဲကြီးသား ဖမ်းဆုပ်လိုက်ပါ။ ဥပမာ ကိုယ့်အိပ်မက်က ကုမ္ပဏီမှာ ရာထူးကြီးကြီးရဖို့။ သင့်ရဲ့လုပ်ငန်းရှင်ကလည်း သင့်ကို ယုံလို့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ခိုင်းမယ်။ ၂ နှစ်၊ ၃ နှစ်လောက် ကြာမယ်။ သို့သော် သင်သည် သွားရ ကောင်းမလား၊ မသွားရ ကောင်းမလားနှင့် ချီတုံချတုံဖြစ်နေမယ်။ ချစ်သူလေးနဲ့ မခွဲနိုင်လို့ မသွားတော့ပါဘူးလေ ဆိုပြီး ဆုံးဖြတ်ချက် မပြတ်မသားဖြစ်နေမယ်ဆိုရင်တော့ ထိုအခွင့်အရေးနဲ့ သင်သည် လွဲချော်သွားပြီပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်ထံသို့ အခွင့်အလမ်းကောင်းတစ်ခု ရောက်ရှိလာပါက တွေဝေခြင်းမရှိဘဲ ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုအပ်တာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အခွင့်အရေးဆိုတာ (၂) ခါ မလာတတ်လို့ပါပဲ။

Source: Chopra

Featured Image: Forbes