မင်္ဂလာပွဲမတိုင်ခင် ကျင်းပရတဲ့ စေ့စပ်ကြောင်းလမ်းခြင်း ပွဲအခမ်းအနားလေးဟာလည်း ရွှေလက်တွဲကြမယ့် ချစ်သူစုံတွဲတွေအတွက် ရင်ခုန်စရာ အင်မတန်ကောင်းပါတယ်။ နှစ်ဘက် မိဘ ၊ ဆွေမျိုးမိတ်ဆွေ ၊ သူငယ်ချင်းတွေ အချင်းချင်း ခင်မင်းရင်းနှီးမှုတိုးစေဖို့ ရည်ရွယ်ချက်နဲ့ စေ့စပ်ပွဲ အခမ်းအနားလေးကို ကျင်းပလေ့ ရှိကြပါတယ်။ စေ့စပ်ပွဲ ပါတီလေးမှာ ဇနီးမောင်နှံနှစ်ဦးနဲ့ နှစ်ဖက် မိတ်ဆွေသင်္ဂဟတွေအားလုံးကို ပျော်ပျော်ပါးပါးနဲ့ အမှတ်တရဖြစ်စေဖို့ ပါတီဂိမ်း အစီအစဉ်လေးတွေလည်း ထည့်သွင်းလေ့ ရှိကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပျော်ရွှင်စရာကောင်းပြီး အမှတ်တရဖြစ်ဖွယ် စေ့စပ်ပွဲ ပါတီလေးတစ်ခု ဖြစ်စေဖို့ ဆော့ကစားသင့်တဲ့ ပါတီဂိမ်း လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဖိနပ်ဂိမ်း

Photo : WeddingWire

ဒီဂိမ်းလေးကတော့ မင်္ဂလာစုံတွဲတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ ဂန္ထဝင် စေ့စပ်ပွဲ ပါတီဂိမ်း တစ်ခု ဖြစ်ပါတယ်။ သတို့သားနဲ့ သတို့သမီး နှစ်ယောက်ကို ကျောချင်းကပ် ထိုင်ခိုင်းပြီး တစ်ယောက်နဲ့တစ်ယောက် ဖိနပ်တစ်ဖက်စီကို အလဲအလှယ်လုပ်ပြီး လက်မှာ ကိုင်ထားရမှာပါ။ ပြီးတဲ့အခါ “ဘယ်သူက ပိုရိုမန်တစ်ဖြစ်လဲ” ၊ “ဘယ်သူက ပိုသည်းခံလဲ” စတဲ့ မေးခွန်းလေးတွေကို ပရိသတ်တွေက မေးပေးရမှာ ဖြစ်ပါတယ်။ ဥပမာ သတို့သားက ပိုရိုမန်တစ်ဆန်တယ်ဆိုရင် သတို့သားရဲ့ ဖိနပ်ကို မြှောက်ရမှာပါ။ နှစ်ယောက်စလုံးရဲ့ အဖြေတွေက ကိုက်ညီမှု ရှိမရှိကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

(၂) အမှန်တရား ၂ ခု ၊ အလိမ်အညာ ၁ ခု ဂိမ်း

Photo : PA Unveiled

ဒီဂိမ်းလေးကတော့ မင်္ဂလာမောင်နှံရော ၊ ပါတီပွဲတက်တဲ့ သူငယ်ချင်းတွေပါ ပါဝင်ကစားရမှာ ဖြစ်ပါတယ်။ ဂိမ်းမှာ ပါဝင်မယ့် သူက အမှန်တရား ၂ ခု ၊ အလိမ်အညာ ၁ ခု ကို ပရိသတ်တွေကို ပြောရမှာ ဖြစ်ပါတယ်။ ဒီစကား ၃ ခုထဲက ဘယ်တစ်ခုက လိမ်တာလဲဆိုတာကို ပရိသတ်တွေက ခန့်မှန်းဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ လိမ်ပြောထားတဲ့ စကား ၁ ခုကို ပရိသတ်တွေက ခန့်မှန်းနိုင်ရင် ကျန်တဲ့ အမှန်တရား ၂ ခုနဲ့ ပတ်သတ်ပြီး မေးခွန်းမေးတဲ့သူက အသေးစိတ်ပြောပြရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက တစ်ယောက်အကြောင်း တစ်ယောက်ပိုသိပြီး ခင်မင်ရင်းနှီးမှု တိုးစေမယ့် ပျော်စရာ ပါတီဂိမ်း လေးပဲ ဖြစ်ပါတယ်။ မင်္ဂလာမောင်နှံနှစ်ဦးက ဦးဆောင်ပြီး ဒီဂိမ်းလေးကို ဆော့ကစားနိုင်ပါတယ်။

(၃) သီချင်းဆို ဂိမ်း

Photo : The Knot

ဒီဂိမ်းလေးကတော့ မင်္ဂလာမောင်နှံ အပါအဝင် ပါတီတက်ရောက်တဲ့ စုံတွဲတွေထဲက တချို့ကို ဖိတ်ခေါ်ပြီး သီချင်းဆို ပြိုင်ပွဲလေး ဖန်တီးရမှာ ဖြစ်ပါတယ်။ အချစ်သီချင်း ချိုချိုလေးတွေကို စုံတွဲအလိုက် သီဆိုဖျော်ဖြေရင်း ဂိမ်းလေးမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။ အဆိုအကောင်းဆုံး စုံတွဲကို ပွဲတက်ပရိသတ်တွေက Vote ပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။ တကယ်ကို ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ စေ့စပ်ပွဲ ပါတီဂိမ်းလေး တစ်ခုဖြစ်ပါတယ်။

Featured Photo : Davidiam Photography