နိုက်ကလပ်နဲ့ ဘားတွေဟာ ခေတ်သစ်လူမှု့ဘဝထဲက တစ်စိတ်တစ်ပိုင်း အရေးပါတဲ့နေရာတွေ ဖြစ်လာနေပါတယ်။ ဒီဘက်ခေတ် လူငယ်တွေနဲ့ လူလတ်ပိုင်းတွေ အတွက်တော့ နိုက်ကလပ်နဲ့ ဘားတွေက စိတ်အပန်းဖြေရာ ၊ မွန်းကြပ်မှုတွေ ဖြေဖျောက်ရာ ၊ အနားယူ အပန်းဖြေစရာ နေရာတစ်ခု ဖြစ်နေပါပြီ။ အနောက်နိုင်ငံတွေမှာတော့ ၁၈၄၀ ဝန်းကျင်လောက်ကတည်းက ကလပ်နဲ့ ဘားယဉ်ကျေးမှု စတင်ထွန်းကားခဲ့တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် သောကြာနေ့လို့ ညတွေနဲ့ Weekend တွေမှာ သူငယ်ချင်းအပေါင်းအသင်းတွေစုပြီး သောက်စရာအဖျော်ယမကာ တွေနဲ့ စိတ်လွတ်လက်လွတ် လာရောက်ကခုန်ပျော်ပါးကြရင်း အနားယူအပန်းဖြေလေ့ ရှိကြပါတယ်။ နိုက်ကလပ်နဲ့ ဘားတွေမှာ မပါမဖြစ်တဲ့ အရာတစ်ခုကတော့ ဂီတနဲ့ သီချင်းတွေပါပဲ။ မြူးမြူးကြွကြွ ကခုန်လို့ကောင်းတဲ့ ခေတ်ပေါ်ဂီတတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေဟာ ကလပ်နဲ့ ဘားတွေရဲ့ အဓိက အဆွဲဆောင်နိုင်ဆုံးအရာတွေလို့ ပြောနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နိုက်ကလပ် နဲ့ ဘား တွေမှာ ကွီးတို့အများဆုံး ကြားရမဲ့ ဂီတ အမျိုးအစား ၅ ခု အကြောင်း ပြောပြပေးချင်ပါတယ်။
(၁) Electronic Dance Music
Source : Steve Aoki
EDM လို့လူသိများတဲ့ Electronic Dance Music ဂီတ အမျိုးအစား ဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကနေ မြစ်ဖျားခံလာတဲ့ ဂီတအမျိုးအစား တစ်ခုဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ Funk နဲ့ New York Boogie ဂီတတို့ရဲ့ ပေါင်းစပ်မှုကနေ အီလက်ထရွန်းနစ်ဂီတအမျိုးအစားသစ်တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ EDM ဂီတနဲ့ပတ်သတ်ပြီး လူသိများကျော်ကြားတဲ့ Artists တွေကတော့ Steve Aoki ၊ Martin Garrix နဲ့ Nucleya တို့ပဲ ဖြစ်ပါတယ်။
(၂) Trap Music
Source : RL Grime
Trap ဂီတဟာ အမေရိကန်နိုင်ငံတောင်ပိုင်း Southern Hip-Hop ဂီတ ရဲ့ အမျိုးအစား ခွဲတစ်ခု ဖြစ်ပါတယ်။ Trap ဂီတ အမျိုးအစားဟာ အဓိကအားဖြင့် Houston ၊ Atlanta နဲ့ Memphis တို့လို အမေရိကန်တောင်ပိုင်းမြို့ကြီးတွေကနေ စတင်ခဲ့တာဖြစ်ပြီး Street Life ၊ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှုနဲ့ မြို့ပြရဲ့ ကြမ်းတမ်းခက်ထန်တဲ့ အတွေ့အကြုံတွေကို ကိုယ်စားပြုတဲ့ ဂီတတစ်ခု ဖြစ်ပါတယ်။ Trap ဂီတနဲ့ ပတ်သတ်ပြီး ထင်ရှားတဲ့ အနုပညာရှင်တွေကတော့ RL Glime ၊ Diplo နဲ့ DJ Snake တို့ပဲ ဖြစ်ပါတယ်။
(၃) Hip Hop
Source : Dr. Dre
ဟစ်ဟော့ဂီတဟာ အမေရိကန်ပြည်ထောင်စုမှာ ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်ကတည်းက စတင်ခဲ့တဲ့ ဂီတအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ စည်းချက်ညီတဲ့ သံစဉ်တွေနဲ့ ကာရန်ကျကျသီဆိုရတဲ့ ဂီတတစ်ခုလို့ လူသိများပါတယ်။ ဟစ်ဟော့ဂီတမှာ MCing/Rapping ၊ DJing /Scratching ၊ Break Dancing နဲ့ Graffiti ရေးဆွဲခြင်းစတဲ့ အဓိက စတိုင်လ်အင်္ဂါရပ် ၄ ခု ပါဝင်ပါတယ်။ New York City မှာရှိတဲ့ The Bronx ရပ်ကွက်ဟာ Rapping ရွတ်ခြင်းနဲ့ Underground ဟစ်ဟော့ဂီတ ယဉ်ကျေးမှု ကြီးစိုးရာနေရာတစ်ခုအဖြစ် ကျော်ကြားပါတယ်။ ဟစ်ဟော့ဂီတနယ်ပယ်မှာ ထင်ရှားတဲ့ အနုကပညာရှင်တွေကတော့ Snoop Dogg ၊ Eminem နဲ့ Jay-Z တို့ပဲ ဖြစ်ပါတယ်။
(၄) Trance Music
Source : Spinnin’ Records
Trance ဂီတဟာ EDM ဂီတ ရဲ့ အမျိုးအစား ခွဲတစ်ခု ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်ဝန်းကျင်လောက် ဂျာမနီနိုင်ငံမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ Trance ဂီတရဲ့ ထူးခြားချက်တစ်ခုကတော့ 125-150 BPM ရှိပြီး နိုက်ကလပ်တွေ ၊ ဘားတွေမှာ ဖွင့်ဖို့ အသင့်တော်ဆုံး ဂီတအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Tiesto ၊ Paul Oakenfold ၊ ATB နဲ့ Solarstone တို့ကတော့ Trance ဂီတကို ကျော်ကြားစေခဲ့တဲ့ Artists တွေထဲ တချို့ဖြစ်ပါတယ်။
(၅) House
Source : Madonna
House ဂီတဟာ ၁၉၈၀ ခုနှစ်အစောပိုင်းကာလတွေတုန်းက Chicago မြို့မှာ အစပြုခဲ့တဲ့ အီလက်ထရွန်းနစ် ဂီတအမျိုးအစား တစ်ခုဖြစ်ပါတယ်။ နိုက်ကလပ် နဲ့ ဘားတွေမှာ မြူးမြူးကြွကြွ ကခုန်လို့ကောင်းတဲ့ ဂီတအမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာ Madonna ၊ Diana Ross ၊ Janet Jackson နဲ့ Paula Abdul တို့လို အနုပညာရှင်တွေရဲ့ မိတ်ဆက်ပေးမှုနဲ့အတူ House ဂီတ ဟာ လူကြိုက်များကျော်ကြား လာခဲ့ပါတယ်။
Featured Photo : Musician Wave