နှစ်ပတ်လည်နေ့တွေ ဆိုတာ တကယ်ကို အဓိပ္ပါယ်ရှိတဲ့ နေ့ထူးနေ့မြတ်တွေပါ။ အကြောင်းအရာ အမျိုးမျိုးနဲ့ နှစ်ပတ်လည်နေ့ လေးတွေ ရှိကြပါတယ်။ ဒီလို နေ့ထူးနေ့မြတ်တွေမှာ ပါတီပွဲလေးတွေပြုလုပ်ပြီး ဂုဏ်ယူစရာအနေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါတယ်။ ဒီလို နှစ်ပတ်လည်နေ့တွေထဲမှာ ဇနီးမောင်နှံနှစ်ယောက် အတွက် အရေးပါဆုံးကတော့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပဲ ဖြစ်ပါတယ်။ ဒီလိုနေ့လေးကို အမှတ်တရ ဖြစ်စေဖို့ မင်္ဂလာနှစ်ပတ်လည် ပါတီလေး ကျင်းပချင်တဲ့ ကွီးတို့အတွက် ပြင်ဆင်ရမဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အချိန်နဲ့နေရာ သတ်မှတ်ပါ

Anniversary

Photo : Money Crashers

ကွီးတို့အနေနဲ့ မင်္ဂလာနှစ်ပတ်လည် ပါတီလေး ကျင်းပမယ်ဆိုရင် ပထမဆုံးအနေနဲ့ အချိန်နဲ့နေရာကို သတ်မှတ်ဖို့လိုပါတယ်။ ကွီးတို့အနေနဲ့ ပါတီကိုညနေခင်းမှာ လုပ်မလား၊ နေ့ဘက်မှာ လုပ်မှာလားဆိုတာ ဆုံးဖြတ်ပါ။ နေ့ရက်ကိုလည်း သေချာရွေးချယ်ဖို့ လိုပါတယ်။ ထို့နောက် နေရာကိုရွေးချယ်ပါ။ အိမ်က ခြံဝန်းထဲမှာပဲ လုပ်မလား၊ ဟိုတယ် သို့မဟုတ် ငှားရမ်းလို့ရတဲ့ နေရာတစ်ခုခုမှာ လုပ်မလားဆိုတာ ဆုံးဖြတ်ပါ။ အကယ်၍ ကွီးတို့နေရာက ငှားရမ်းဖို့လိုလျှင် ကြိုတင်ငှားရမ်းထားဖို့ လိုပါတယ်။

(၂) ဖိတ်စာများကို ပေးပို့ပါ

Anniversary

Photo : The Knot

နှစ်ပတ်လည်ပါတီလေး ကျင်းပမဲ့နေရာနဲ့ အချိန်ကို သတ်မှတ်ပြီးပြီဆိုရင်‌တော့ ကွီးတို့ ဖိတ်ကြားမဲ့ လူဦးရေကို အကြမ်းဖျင်းကို သတ်မှတ်လို့ရပါပြီ။ ပြီးလျှင် ဖိတ်စာများကို ကြိုကြိုတင်တင်‌ပေးပို့ပါ။ ကွီးတို့အတွက် အရေးကြီးပုဂ္ဂိုလ်များ ကိုမကျန်ခဲ့ဖို့ သတိထားပါ။ ဒါမှသာ လူစုံတတ်စုံနဲ့ ပါတီကို စတင်နိုင်မှာဖြစ်ပါတယ်။

(၃) အစားအစာနဲ့ အဖျော်ယမကာများကို ပြင်ဆင်ပါ

မင်္ဂလာနှစ်ပတ်လည် ပါတီလေး

Photo : The Layover Life

မင်္ဂလာနှစ်ပတ်လည် ပါတီလေး ကျင်းပဖို့ဆိုရင် အစားအစာနဲ့ အဖျော်ယမကာများကို ကလည်းမပါမဖြစ်ပါပဲ။ မင်္ဂလာနှစ်ပတ်လည် မှာ ရှန်ပိန်က မဖြစ်မနေထည့်သွင်း သင့်တဲ့အဖျော်ယမကာပဲ ဖြစ်ပါတယ်။ အခြားသော ဝိုင်များ၊ ဝီစကီများကို လည်းထည့်သွင်းပါ။ အယ်လ်ကိုဟော မသောက်ချင်တဲ့ သူများအတွက်လည်း ဖျော်ရည်များ ပြင်ဆင်ထားရှိပါ။ အစားအသောက်အနေနဲ့ကလည်း ရာသီနဲ့လိုက်ဖက်တဲ့ အစားအစာများကို ပြင်ဆင်ပါ။ ဒါ့အပြင် အချိုပွဲများလည်း စီစဉ်ထားရှိပါ။ ကွီးတို့ ဖိတ်ကြားမဲ့ လူအရေအတွက် အတွက်လုံလောက်အောင် ပြင်ဆင်ဖို့ အရေးကြီးပါတယ်။

(၄) ဖျော်ဖြေရေး ထည့်သွင်းပါ

မင်္ဂလာနှစ်ပတ်လည် ပါတီလေး

Photo : Evermark Studios

ကွီးတို့‌ရဲ့ နှစ်ပတ်လည် ပါတီလေး ပိုမို အသက်ဝင်ဖို့ တေးဂီတကိုလည်း ထည့်သွင်းဖို့ လိုပါတယ်။ ပါတီနဲ့တေးဂီတ ဆိုတာ ခွဲခြားလို့မရပါဘူး။ ဒါကြောင့် ကွီးတို့ မင်္ဂလာနှစ်ပတ်လည် ပါတီနဲ့ လိုက်ဖက်တဲ့ သီချင်းကို ကြိုတင်ရွေးချယ်ထားပါ။ ဒါ့အပြင် ဂန္တဝင်တေးသွားများ တီးခတ်ရန် တီးဝိုင်းကိုလည်း ထည့်သွင်းလို့ရပါသေးတယ်။ ကွီးတို့ရဲ့ နှစ်ပတ်လည်နေ့လေးကို ဂုဏ်ပြုတဲ့ပါတီ ဖြစ်တာကြောင့် ကွီးတို့နဲ့အတူ ကြွရောက်လာတဲ့ စုံတွဲတွေ၊ အတူတွဲကလို့ရတဲ့ အစီအစဉ်လည်း ထည့်သွင်းလို့ရပါတယ်။ တကယ်ကို ကြည်နူးဖို့ကောင်းမှာ အသေအချာပါပဲ။

(၅) ဓာတ်ပုံဆရာ ကြိုတင်ငှားရမ်းထားပါ

မင်္ဂလာနှစ်ပတ်လည် ပါတီလေး

Photo : Rocket Lawyer

ကွီးတို့ရဲ့ နှစ်ပတ်လည်ပါတီလေးရဲ့ အမှတ်တရနဲ့ အထူးအခိုက်အတန့်အားလုံးကို ရိုက်ကူးရန် ဓာတ်ပုံဆရာကို ကြိုတင် ငှားရမ်းထားသင့်ပါတယ်။ ကွီးတို့ရဲ့ နှစ်ပတ်လည်ပါတီရဲ့ ပျော်ရွှင်ကြည်နူးဖွယ် ပုံရိပ်လေးတွေကို သေချာမှတ်တမ်းတင်ထားခြင်းဖြင့် ကွီးတို့ရဲ့ ပျော်ရွှင်ကြည်နူးဖွယ် ပုံရိပ်လေးဟာ အမြဲတမ်းအတွက် အမှတ်တရ ဖြစ်နေစေမှာပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ အမှတ်တရဖြစ်စေမဲ့ မင်္ဂလာနှစ်ပတ်လည် ပါတီလေး ကျင်းပဖို့ အစီအစဉ်ရှိနေတဲ့ ကွီးတို့အတွက် ပြင်ဆင်ရမဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။

Featured Photo : The Spruce