ရန်ကုန်မြို့ရဲ့ Downtown Area ဟာ မြို့လည်ခေါင် အချက်အချာကျတဲ့ နေရာတစ်ခု ဖြစ်တာက တစ်ကြောင်း ၊ သွားရေးလာရေး လွယ်ကူအဆင်ပြေတာက တစ်ကြောင်း အမြဲလူစည်ကားနေပြီး လည်ပတ်စရာ အထင်ကရနေရာတွေ ၊ ဈေးဝယ်စင်တာကြီးတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်မြို့ ထဲတဝိုက်မှာ အေးအေးဆေးဆေး ထိုင်လို့ကောင်းတဲ့ Bar နဲ့ Restaurant တွေလည်း အများကြီး ရှိပါတယ်။ ဒီထဲကမှ ဘော်ဒါတွေနဲ့ ဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ ဖြစ်ဖြစ် အေးဆေး Chill လို့ရမယ့် ထိုင်လို့ကောင်းတဲ့ Bar လေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

(၁) The Envoy Bar & Bistro

Photo : The Envoy Bar & Bistro

ဒီဆိုင်လေးက မြို့ပြရဲ့ လွမ်းလွမ်းဆွေးဆွေး ညနေခင်းအချိန်တွေမှာ အေးဆး Relax လုပ်လို့ကောင်းတဲ့ ဆိုင်လေး။ ဆိုင်အပြင်အဆင်က အနောက်တိုင်းဆန်ဆန်နဲ့ အေးအေးဆေးဆေး သက်တောင့်သက်သာ ရှိတယ်။ Indoor မှာ အထာကျကျ Chill လုပ်မလား ၊ Outdoor မှာပဲမြို့ပြရဲ့ အငွေ့အသက်တွေ ခံစားရင်း လွင့်မြောမလား စိတ်ကြိုက်ရွေးလို့ ရတယ်။

Photo : The Envoy Bar & Bistro

ဒီဆိုင်မှာ အစားအသောက်တွေကတော့ တော်တော်လေးစုံတယ် ပြောရမယ်။ အဓိကအနောက်တိုင်း အစားအစာတွေ ၊ မက္ကဆီကန်အစားအစာတွေ ၊ Asian အစားအစာတွေနဲ့ Salad ၊ Soup ၊ Pizza ၊ Pasta ၊ Sandwich ၊ Burger နဲ့ အကင်တွေ တော်တော်စုံစုံရတယ်။ စားချင်စဖွယ် Dessert တွေလည်း အစုံရတယ်။ Drink တွေထဲမှာတော့ Draught ဘီယာ ၊ ပုလင်း ဘီယာ ၊ Singature ကော့လ်တေး ၊ Classic ကော့လ်တေး ၊ ဝိုင် ၊ ကော်ဖီနဲ့ Tea တော်တော်လေး ရွေးချယ်စရာများတယ်။ အစားအသောက်တွေရဲ့ အရသာကလည်း ပြောစရာမလိုအောင် တော် တော်ပြည့်စုံတယ်။ Service ကောင်းတယ်။ Unplugged Music အစီစဉ်တွေလည်း ရှိတယ်။ ဆိုင်လိပ်စာက အမှတ် ၁၀၈ ၊ ဗိုလ်အောင်ကျော်လမ်း (Lower Block) ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့  ဖြစ်ပါတယ်။

(၂) Burma Bistro

Photo : Burma Bistro

ဒီဆိုင်လေးက Bar ချစ်သူတွေကြားမှာ တော်တော်လေး ရေပန်းစားပါတယ်။ ဆိုင်ရဲ့ သက်တမ်းကလည်း ကြာပြီဆိုတော့ တော်တော်များများလည်း သိကြပါတယ်။ တစ်ဆိုင်လုံးမှာ ခေတ်ဟောင်း အငွေ့အသက်တွေနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ Decoration အပြင်အဆင်က တော်တော်လေး ခမ်းနာကြီးကျယ်ပြီး Classic ဆန်တဲ့ Vibe လေး ခံစားရစေတယ်။ နိုင်ငံခြားသားတွေကို တော်တော်လေးဆွဲဆောင်နိုင်တဲ့ ဆိုင်ဆိုလည်း မမှားဘူး။

Photo : Burma Bistro

နာမည်က Burma Bistro ဆိုတဲ့အတိုင် ဆိုင်အပြင်အဆင်ကပဲ မြန်မာဆန်တာ မဟုတ်ပဲ ဒီဆိုင်ရဲ့ အစားအသောက်တွေ တော်တော်များများက နာမည်ဆန်းဆန်းလေးတွေနဲ့ မြန်မာမှုပြုထားတဲ့ Menu တွေ များတယ်။ ရွှေဘိုထမင်း ၊ ကြံခင်းထမင်းသုပ် ၊ ဝါးကျည်တောက် ထမင်းကြော် ၊ ကြက်ကာလသားချက် ၊ တောစတိုင် အမဲနှပ်နဲ့ တခြား တိုင်းရင်းသားစာတွေ ၊ မြန်မာအစားအစာတွေ တော်တော်များများရတယ်။ နိုင်ငံခြား သားတွေကြိုက်တဲ့ နာမည်ကြီး မြန်မာအစားအစာ မုန့်ဟင်းခါးလည်း ရတယ်။ အချိုပွဲတွေကအစ မြန်မာစတိုင် ပေါင်းစပ်ဖန်တီးထားတယ်။

Photo : Burma Bistro

သောက်စရာ Drink တွေစုံတယ်။ ကော့လ်တေးတွေ မိုက်တယ်။ ကြံရည်နဲ့ ရာသီပေါ် အသီးဖျော်ရည်တွေ ၊ Tea နဲ့ ကော်ဖီမျိုးစုံလည်း ရတယ်။ အေးအေးဆေးဆေး ၊ ကျယ်ကျယ်ဝန်းဝန်း နဲ့ မြန်မာစတိုင် ခေတ်ဟောင်းအငွေ့အသက်တွေခံစားရင်း Chill ချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးက လုံးဝသွားသင့်တယ်။ ဆိုင်လိပ်စာက အမှတ် ၆၄၄ ၊ ကုန်သည်လမ်းနဲ့ ရွှေဘုံသာလမ်းထောင့် ၊ ပန်းပဲတန်းမြို့နယ် ၊ ရန်ကုန်မြို့  ဖြစ်ပါတယ်။

(၃) Lanmadaw Bar 1924

Photo : Lanmadaw Bar 1924

ဒီဆိုင်လေးကလည်း ခေတ်ဟောင်းအငွေ့အသက်လေးတွေ ခံစားရင်း အေးအေးဆေးဆေး Chill လို့ကောင်းတဲ့ ဆိုင်လေး။ အပေါ်ထပ် ၊ အောက်ထပ် နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ ဆိုင်အပြင်အဆင် Decoration ၊ သုံးထားတဲ့ စားပွဲနဲ့ ထိုင်ခုံတွေ ၊ နံရံပေါ်က ပန်းချီကားတွေကအစ Vintage ဆန်ဆန်လေး ပြင်ဆင်ပေးထားတယ်။ သပ်သပ်ရပ်ရပ် ငြိမ်ငြိမ်သက်သက်နဲ့ အေးဆေး ထိုင်လို့ကောင်းတယ်။ ပုရိသတို့ရဲ့ ဇာတ်လိုက်ကျော်ကြီး နံရံပေါ်က လမ်းမတော်ဖိုးတုတ်ပန်းချီတွေ တော်တော်လေးမိုက်တယ်။ ဓာတ်ဖမ်းချင်တဲ့ ကွီးတို့အတွက်လည်း ကွက်တိပါပဲ။

Photo : Lanmadaw Bar 1924

ဒီဆိုင်မှာ အစားအသောက်တွေလည်း စုံတယ်။ အဓိက တရုတ်အစားအစာတွေနဲ့ Asian Food တွေများတယ်။ အကင်တွေ ၊ အသုပ်နဲ့ အကြော်အလှော် အစုံရတယ်။ ဘီယာ ၊ ဝီစကီ ၊ ကော့လ်တေးနဲ့ သောက်စရာ Drink တွေစုံတယ်။ ဒီဆိုင်ရောက်ရင် နာမည်ဆန်းဆန်းလေးတွေနဲ့ အရသာမိုက်တဲ့ Singature ကော့လ်တေးတွေလည်း မြည်းစမ်းကြည့်သင့်တယ်။ အစားအသောက်တွေက ဈေးအရမ်းမကြီးဘူး။ သက်သာတဲ့အထဲနဲ့ ပုံမှန်နှုန်းထားမှာ ရှိတယ်။ ဆိုင်လိပ်စာကတော့ ၉ လမ်းထိပ် (Middle Block) ၊ မဟာဗန္ဓုလလမ်းထောင့် ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : Burma Bistro