ရုံးပိတ်ရက်မှာ ဘော်ဒါတွေနဲ့ ဘီယာဆိုင်ထိုင်တာ ၊ ဘားထိုင်ရတာတွေက ထပ်တလဲလဲ ရိုးအီနေပြီဆိုရင်တော့ ပျော်ပွဲစား ပါတီ လေးတစ်ခု ဖန်တီးကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပျော်စရာအကောင်းဆုံး ဖြစ်စေမယ့် ပျော်ပွဲစား ပါတီ လေးတစ်ခု ကျင်းပနိုင်ဖို့အကြံပြုချက်တချို့ကို မျှဝေပေးမှာ ဖြစ်ပါတယ်။

(၁) နေရာရွေးပါ

Photo : Prestige Holiday Homes

ပျော်ပွဲစား ပါတီလေးတစ်ခု ကျင်းပဖို့ နေရာက အဓိကကျပါတယ်။ အများစုကတော့ လူစည်ကားတဲ့ ပန်းခြံတွေ ၊ လေကောင်းလေသန့်ရတဲ့ ဆိပ်ကမ်းနဲ့ ကန်ဘောင်လို နေရာတွေနဲ့ တချို့ကလည်း လူသူနည်းပါးတဲ့ နားအေးပါးအေးရှိတဲ့ မြို့ပြင်လိုနေရာတွေကို ရွေးချယ်ကြပါတယ်။

(၂) စတိုင်နဲ့ အပြင်အဆင်အတွက် စဉ်းစားပါ

Photo : Unsplash

ပျော်ပွဲစား ပါတီ လုပ်မယ်ဆိုရင် စတိုင်နဲ့ အပြင်အဆင်ကိုလည်း ထည့်စဉ်းစားဖို့ လိုပါမယ်။ အပြင်အဆင်တွေက အရမ်းကြီး ခမ်းနားနေဖို့ မလိုပါဘူး။ ပေါ့ပေါ့ပါးပါး ဖြစ်ရင်ရပါပြီ။ အောက်ခံအခင်း လှလှလေးတွေ ၊ သစ်ပင်မှာချိတ်ဆွဲနိုင်မယ့် စက္ကူမီးပုံးလေးတွေ ၊ အစားအသောက်ထည့်ဖို့ ခြင်းတောင်း လှလှလေးတွေ ၊ ပန်းလေးတွေနဲ့ သက်တောင့်သက်သာ ထိုင်လို့ရမယ့် ခေါင်းအုံးလေးတွေပါ ထည့်သွင်းပြင်ဆင်နိုင်ပါတယ်။

(၃) အစားအသောက်အတွက် အစီအစဉ်ဆွဲပါ

Photo : AmazingCo

အနောက်နိုင်ငံတွေမှာတော့ ပျော်ပွဲစား ပါတီမှာ တည့်ခင်းဖို့အတွက် အသားညှပ်ပေါင်မုန့်တွေ ၊ အကင်တွေ ၊ အသီးအနှံ့တွေနဲ့ ဖျော်ရည်တွေကို ရွေးချယ် ယူဆောင်သွားလေ့ ရှိကြပါတယ်။ အစားအသောက်အတွက် စီစဉ်တဲ့အခါမှာ ပါတီရဲ့ အချိန်ပေါ်မူတည်ပြီး စဉ်းစားရမှာပါ။ ကိုယ်က တစ်နေ့ကုန် အေးအေးဆေးဆေး နေမှာလား ၊ ညနေခင်းအချိန် နာရီပိုင်းလောက်ပဲ အပန်းဖြေမှာလား စသည်ဖြင့်ပေါ့။ အစားအသောက်တွေကို အိမ်ကနေ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်သွားနိုင်သလို ၊ ဆိုင်ကနေလည်းအလွယ်တကူ မှာယူလို့ရပါတယ်။ လူငယ်တွေအတွက်ကတော့ ဝိုင်နဲ့ ဘီယာလို သောက်စရာအဖျော်ယမကာတွေကတော့ မပါမဖြစ်ယူဆောင်သွားသင့်ပါတယ်။

(၄) ဂိမ်းတွေကစားပါ

Photo : Westend61

ပျော်ပွဲစားပါတီ မှာ သူငယ်ချင်း တွေနဲ့ ပျော်ပျော်ပါးပါး ဂိမ်းအစီအစဉ်လေးတွေလည်း ထည့်သွင်းဖို့ လိုပါတယ်။ ပေါ့ပေါ့ပါးပါး နေရာမှာပဲ ထိုင်ကစားလို့ရတဲ့ ကဒ်ဂိမ်းတွေ ၊ နေရာကျယ်ကျယ်ဝန်းဝန်းရှိတယ်ဆိုရင် လှုပ်လှုပ်ရှားရှား ဆော့ကစားလို့ရတဲ့ ပါတီဂိမ်းလေးတွေ ကစားနိုင်ပါတယ်။

(၅) သန့်ရှင်းရေးပြန်လုပ်ပါ

Photo : National Picnic Week

ပျော်ပွဲစား ပါတီလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီးပြီဆိုရင်တော့ အဆုံးသတ်မှာ ပါတီကျင်းပတဲ့ နေရာတဝိုက်ကို သန့်ရှင်းရေးပြန်လုပ်ပေးခဲ့ဖို့ မှာချင်ပါတယ်။ ကိုယ့်အဖွဲ့ အသုံးပြုထားတဲ့ အမှိုက်တွေ ၊ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ အမှိုက်အိတ်ထဲထည့်ပြီး ယူသွားပေးပါ။ ပါတီကျင်းပတဲ့နေရာမှာ အမှိုက်တွေ မထားခဲ့ပါနဲ့။

Featured Photo : Unsplash