ပါတီချစ်သူတို့ရေ… မင်္ဂလာပါ။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဟောလိုးဝင်း ပါတီ တစ်ခု ကျင်းပဆင်နွှဲဖို့ရှိတယ်ဆိုတာ ပါတီချစ်သူတို့ သိပြီးပါပြီလား။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်အထိ ဟောလိုးဝင်းပါတီမျိုး ကျင်းပတဲ့အလေ့အကျင့် မရှိခဲ့ပါဘူး။ နိုင်ငံခြားနှင့် ရုပ်ရှင်ဇာတ်ကားတွေမှာတော့ ထိုပါတီပွဲကို လူကြီးသာမက ကလေးပါ ပျော်ပျော်ပါးပါး ဝင်ရောက်ဆင်နွှဲကြတာကို တွေ့မြင်ရပါလိမ့်မယ်။ သို့သော် ပွင့်လင်းမြင်သာပြီး ခေတ်မှီလာတဲ့အခါမှာတော့ နေရာအချို့တွင် ပျော်ရွှင်မှု နှစ်သက်တဲ့ လူငယ်များက ဟောလိုးဝင်းပါတီများကို ဦးစီးဦးဆောင်ပြုကာ ဆင်နွှဲလာကြပါတယ်။

ကွီးတို့လည်း ဒီနှစ်မှာတော့ ပထမဦးဆုံး အကြိမ်အဖြစ် ဟောလိုးဝင်းပါတီကို ကိုယ်တိုင်ကိုယ်ကျ ဆင်နွှဲကျင်းပချင်တဲ့အခါ အခုဖော်ပြပေးမယ့်အချက်များက အထောက်အကူဖြစ်စေမှာပါ။

ဖိတ်စာဒီဇိုင်း ဖန်တီးတဲ့အခါ

ဟောလိုးဝင်း ပါတီ

Photo: Solopress

အရင်ဦးဆုံး ပါတီပွဲ ပြုလုပ်မယ်ဆိုတော့ ပါတီပွဲတက်မယ့်သူတွေက အရေးကြီးဆုံးပါပဲ။ ပါတီပွဲ တက်မယ့်သူတွေကို ဖိတ်စာ ဖိတ်ကြားရမှာပဲဖြစ်ပါတယ်။ ဖိတ်ကြားမယ့် ဖိတ်စာဒီဇိုင်းကိုလည်း ကြည့်လိုက်တာနဲ့ စိတ်ခြောက်ခြားဖွယ်ကောင်းအောင် ဖန်တီးပေးလိုက်ပါ။ ဖိတ်စာထဲတွင်လည်း ဧည့်သည်များက ဘယ်လို ဝတ်စုံနဲ့ ပွဲတက်ရမယ်။ ပါတီက ဘယ်နေရာမှာ ကျင်းပမလဲ။ ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ကျင်းပမလဲဆိုတာကို သေသေချာချာ ရေးသားထားသင့်ပါတယ်။

အစားအသောက်နှင့် အယ်လ်ကိုဟော ဖျော်ရည်များ ပြင်ဆင်တဲ့အခါ

ဟောလိုးဝင်း ပါတီ

Photo: Realsimple

အစားအစာနှင့် အယ်ကိုဟော ဖျော်ရည်များကိုလည်း သာမန်ပြင်ဆင်နေကြပုံစံထက် ခြောက်ခြားစရာမျိုးဖြစ်အောင် ပြင်ဆင်ရမှာပဲဖြစ်ပါတယ်။ ဟောလိုးဝင်းပုံစံ ပြင်ဆင်ရတာဖြစ်တဲ့အတွက်ကြောင့် အစားအစာများက စားချင်စဖွယ်တော့ ကောင်းမှာမဟုတ်ပါဘူး။ ဥပမာ – အသားလုံးများကို ဦးနှောက်ပုံစံ ပြင်ဆင်ထားတာမျိုး၊ အသားချောင်းများကို လက်ချောင်းပြတ်ပုံစံ ပြင်ဆင်ထားတာမျိုး စသည်ဖြင့် ပြင်ဆင်ထားနိုင်ပါတယ်။ အယ်ကိုဟောဖျော်ရည်များကိုလည်း သွေးသံရဲရဲဒီဇိုင်း ပြင်ဆင်ထားနိုင်ပါတယ်။

ဟောလိုးဝင်း ပါတီ နှင့် လိုက်ဖက်တဲ့ သီချင်းများနှင့် ညလုံးပေါက် ကခုန်ပါ

ဟောလိုးဝင်း ပါတီ

Photo: Online.berklee.edu

တေးဂီတမပါတဲ့ ပါတီပွဲများသည် ဆားမပါတဲ့ ဟင်းတစ်ခွက်လိုပါပဲ။ ပြီးပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပါတီနှင့် လိုက်ဖက်တဲ့ သီချင်းများကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ – မိုက်ကယ်ဂျက်ဆင်ရဲ့ Thriller သီချင်းမျိုးသည်လည်း ပါတီနှင့် လိုက်ဖက်တဲ့ သီချင်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။

ပါတီအပြင်အဆင်ကို ဟောလိုးဝင်း Theme နဲ့ လိုက်ဖက်အောင် ပြင်ဆင်ပါ

ဟောလိုးဝင်း ပါတီ

Photo: Birthdayinspire

ဟောလိုးဝင်းလို့ ပြောလိုက်တာနဲ့ ရွှေဖရုံသီးများကို ပြေးမြင်ယောင်မိကြမှာပါ။ ရွှေဖရုံသီးများကို သရဲပုံစံ ပုံဖော်ထားကာ ပြင်ဆင်နိုင်ပါတယ်။ ဒါ့အပြင် လိုက်ကာများ၊ စားပွဲအပြင်အဆင်များအားလုံးကိုလည်း ပါတီ Theme နဲ့ လိုက်ဖက်အောင် ပြင်ဆင်ထားလိုက်ပါ။ ဒါမှ ကွီးတို့ရဲ့ ပါတီပွဲက ပိုပြီးအသက်ဝင်လာမှာ ဖြစ်ပါတယ်။

ပွဲတက်ဝတ်စုံများကို ဟောလိုးဝင်း ပါတီ နှင့် လိုက်ဖက်အောင် ဝတ်ဆင်ခိုင်းပါ

halloween

Photo: Azcentral

ဟောလိုးဝင်းပွဲတော်ကို ဆင်နွှဲတဲ့ ပါတီပွဲဖြစ်တဲ့အားလျော်စွာ ပွဲတက်ဝတ်စုံများကိုလည်း ပွဲနှင့် လိုက်ဖက်အောင် ဝတ်ဆင်ရမှာပဲ ဖြစ်ပါတယ်။ သွေးစုတ်ဖုတ်ကောင် ဝတ်စုံများ၊ သရဲဝတ်စုံများ၊ ခေါင်းဆောင်းများ စသည်တို့သည်လည်း ပါတီပွဲကို ပိုမိုအသက်ဝင်လာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Greetingsisland

Featured Image: Greenvelope