ပါတီပွဲတွေဟာ တစ်နည်းအားဖြင့် လူသစ်တွေနဲ့ မိတ်ဆွေသစ်ဖွဲ့လို့ကောင်းတဲ့ နေရာတစ်ခုပါ။ ဒါပေမယ့် လူမှုဆက်ဆံရေးမှာ ကိုယ့်ကိုယ်ကို အားနည်းတယ်လို့ ယူဆထားသူတွေအဖို့တော့ သူစိမ်းတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး စကားပြောရာမှာ အခက်အခဲတချို့တော့ ရှိနိုင်ပါတယ်။ ယောကျာ်းလေးတွေအတွက် ဆန့်ကျင်ဘက် မိန်းကလေးတစ်ယောက်နဲ့ စကားစပြောရမယ်ဆိုရင် ပိုပြီး ခက်ခဲမှုလေးတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ကွီးတို့အတွက် ပါတီ မှာ သူစိမ်း မိန်းကလေး တစ်ယောက်နဲ့ ဘယ်လိုဘယ်ပုံ စကားစမြည် ပြောရမလဲဆိုတဲ့ အကြံပြုချက်တချို့ကို မျှဝေပေးမှာ ဖြစ်ပါတယ်။
(၁) စိတ်ဖိစီးမှုတွေ တက်နိုင်သမျှ လျှော့ထားပါ
Photo : Freepik
ပထမဦးဆုံး လူသစ်တွေနဲ့ မိတ်ဆက်စကားပြောတော့မယ်ဆိုရင် စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို တက်နိုင်သမျှ လျော့ချထားဖို့ အကြံပြုချင်ပါတယ်။ ရှက်ရွံ့စိတ်နဲ့ ဖိအားများနေရင် စကားပြောတဲ့အခါ အလွဲလွဲအချော်ချော်နဲ့ ကပြောင်းကပြန်တွေ ဖြစ်တက်ပါတယ်။ တကယ်တော့ သူစိမ်းတစ်ယောက်နဲ့ စကားပြောတာဟာ အော်စကာဆုပေးပွဲ စင်မြင့်ထက်ပေါ်တက်ပြီး ကျေးဇူးတင်စကားပြောရတာ မဟုတ်ပါဘူး။ ဒီအတွက် အရမ်းကြီးစိတ်လှုပ်ရှားပြီး ခက်ခဲတယ်လို့ မတွေးစေချင်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကို ဖွင့်ထုတ်ပြီး အရိုးသားဆုံး မိတ်ဆက်စကားဆိုလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ စကားဝိုင်းလေးက အဆင်ပြေပြေနဲ့ စတင်နိုင်ပါလိမ့်မယ်။
(၂) မိန်းကလေးလည်း လူသားတစ်ယောက်ပါပဲ
Photo : Velvet
ကျွန်တော်တို့ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်ပါ။ မိန်းကလေးတွေက တစ်ခြားဂြိုလ်တစ်ခုကလာတဲ့ လူထူးဆန်းတွေ မဟုတ်သလို စူပါ ပါဝါတွေရှိနေတဲ့ နတ်ဘုရားမတွေလည်း မဟုတ်ပါဘူး။ မိန်းကလေးတွေလည်း ပခုံးနှစ်ဖက်က ခေါင်းထွက်တဲ့ သာမန်လူသားတစ်ယောက်ပါပဲ။ လူသားချင်းစကားပြောဆိုဆက်သွယ်ဖို့က သိပ်ပြီးရှုပ်ထွေးခက်ခဲနေတဲ့ကိစ္စတစ်ခု မဟုတ်ဘူးဆိုတာကို နားလည်လက်ခံထားဖို့ လိုပါတယ်။ ဒါပေမယ့် သူမဘက်က ကိုယ်နဲ့စကားပြောဖို့ စိတ်သိပ်မပါဘူး။ စိတ်ရှုပ်ထွေးတဲ့အမူအရာတွေနဲ့ စကားစမြည်ပြောချင်တဲ့ အရိပ်အယောင်မပြဘူးဆိုရင်တော့ နှုတ်ဆက်စကားဆိုပြီး လှည့်ထွက်လိုက်တာဟာ အခြေခံလူ့ယဉ်ကျေးမှု သဘောတရားကို သိနားလည်ထားတဲ့ လူကြီးလူကောင်းဆန်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အမူအကျင့်တစ်ခု ဖြစ်ပါတယ်။
(၃) ပြောလည်းပြော နားလည်းထောင်ပါ
Photo : The Fearless Man
ကောင်းမွန်တဲ့ စကားဝိုင်းတစ်ခုဖြစ်ဖို့ဆိုရင် ကိုယ်က အပြောသမားသက်သက်ပဲ မဟုတ်ပဲ နားထောင်သူနေရာကလည်း ပါဝင်ဖို့ အရေးကြီးပါတယ်။ ယောကျာ်းလေးနဲ့ ဆန့်ကျင်ဘက် မိန်းကလေး တစ်ယောက်စကားစမြည် ဝိုင်းဖွဲ့ပြောဆိုတဲ့အခါ ယောကျာ်းလေးဘက်က စကားဝိုင်းကို ဦးဆောင်ပြောသင့်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်ကိုယ်ကချည်း ရေပတ်မဝင် ပြောနေလို့ မရပါဘူး။ တစ်ဖက်မိန်းကလေးရဲ့ တုန့်ပြန်မှု ပြောစကားတွေကို စိတ်ဝင်တစား နားထောင်ပေးဖို့လည်း လိုပါတယ်။ ဒါမှလည်း ကွီးတို့ရဲ့စကားဝိုင်းလေးက အချိတ်အဆက်မိမိ ၊ သက်ဝင်လှုပ်ရှားမှုရှိစေမှာ ဖြစ်ပါတယ်။
(၄) ကိုယ်ရေးကိုယ်တာဆန်တဲ့ မေးခွန်းတွေရှောင်ပါ
Photo : Menwit
လူစိမ်းတစ်ယောက်နဲ့ စကားပြောတဲ့အခါ ကိုယ့်အကြောင်းသူ့အကြောင်းပိုသိဖို့ မေးခွန်းလေးတွေ မေးတက်ကြပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်တဲ့ မေးခွန်တွေမမေးမိဖို့ပဲ ဖြစ်ပါတယ်။ တစ်ဖက်လူဖြေရခက်စေမယ့် ဒါမှမဟုတ် မဖြေချင်လောက်တဲ့ ပုဂ္ဂိုလ်ရေး မေးခွန်းတွေ တက်နိုင်သမျှရှောင်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းစေမယ့် စကားလေးတွေနဲ့ပဲ စကားဝိုင်းကို ဆက်ဖို့ အကြံပြုချင်ပါတယ်။ နောက်တစ်ခုက ငြင်းခုံရမယ့် ၊ ပဋိပက္ခဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကိုလည်း ရှောင်ကြဉ်ပြောဆိုဖို့ အရေးကြီးပါတယ်။ မိန်းကလေးတွေနဲ့ စကားပြောဆိုတဲ့အခါ လေးစားမှုရှိဖို့က အဓိကအရေးကြီးဆုံးပဲ ဖြစ်ပါတယ်။
Featured Photo : Menwit