ကွီးတို့ရေ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ မိသားစု စုံစုံလင်လင်နဲ့ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ပိတ်ရက်မှာဖြစ်စေ တွေ့ဆုံပြီး ပျော်ပျော်ပါးပါး အတူတူစားသောက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖန်တီးချင်ပါသလား။ ဒါဆိုရင်တော့ ခြံနေရာလည်းကျယ်ဝန်းတယ်ဆိုရင် ဘယ်မှသွားရာမလိုဘဲ ခြံထဲမှာပဲ BBQ ပါတီ လေးလုပ်ဖို့ အကြံပြုပါရစေ။ ပြီးတော့ ကွီးတို့ရဲ့ ခြံထဲမှာဘဲ BBQ ပါတီလေး လုပ်မယ်ဆိုရင် ပြင်ဆင်ရမဲ့ အရာတွေကိုလည်း ဝေမျှပေးသွားပါမယ်။

(၁) ပါတီ လုပ်မဲ့နေရာ ပြင်ဆင်ပါ

BBQ ပါတီလေး

Photo : Sauce Magazine

ကွီးတို့ရဲ့ ခြံထဲမှာပဲ BBQ ပါတီလေး လုပ်တော့မယ်ဆိုရင် ပထမဦးဆုံးအနေနဲ့ ခြံဝန်းထဲမှာ အနည်းငယ် ကျယ်ဝန်းတဲ့နေရာကို ရွေးချယ်ရပါမယ်။ ကွီးတို့ ရွေးချယ်တဲ့နေရာက ကြွရောက်လာတဲ့ လူတွေအကုန်လုံးအတွက် လုံလောက်တဲ့ နေရာထိုင်ခင်းနဲ့ အသားကင်ဖို့နေရာလည်း အဆင်ပြေရပါမယ်။ ထို့နောက် ပိုမိုတတ်ကြွပြီး ပျော်ရွှင်စရာကောင်းတဲ့ ပါတီလေးဖြစ်အောင် မီးလုံးလေးများ၊ ပန်းအိုးလေးများ၊ ထိုင်စရာများနဲ့ သေချာအလှဆင်ပါ။

(၂) ဧည့်သည်များကို ဖိတ်ကြားပါ

BBQ ပါတီလေး

Photo : Steel Campfire

ကွီးတို့ နေရာထိုင်ခင်းအတွက် တွက်ချက်ပြင်ဆင်ပြီး သွားပြီဆိုရင်တော့ ကိုယ့်ရဲ့ ခြံဝန်းနဲ့ အံကိုက်ဖြစ်မဲ့ လူအရေအတွက်ကိုလည်း တွက်ချက်လို့ရပါပြီ။ ထို့နောက် ဖိတ်ကြားမဲ့ လူများကို အနည်းဆုံး ၃ ရက်လောက်ကြို အကြောင်းကြားပါ။ ဒါမှသာ BBQ ပါတီလေးစတင်တဲ့ အချိန်မှာ လူစုံတတ်စုံနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ကောင်းလေး ဖြစ်စေမှာပါ။

(၃) လတ်ဆတ်သော အသားများ အဆင်သင့်ဖြစ်နေပါစေ

BBQ ပါတီလေး

Photo : Times & Leisure

BBQ ပါတီလေး လုပ်မယ်ဆိုရင် အရေးအကြီးဆုံးကတော့ ကင်ရမဲ့အသားတွေပါပဲ။ ဖိတ်ကြားထားသူတွေအတွက် လုံလောက်သော အသားနဲ့ ကင်စရာများကို ပြင်ဆင်ထားပါ။ လတ်ဆတ်တဲ့ အသားများဖြစ်ရန် လိုပါတယ်။ ဒါကြောင့် အစောကြီး ကြိုဝယ်ထားတာမျိုး မလုပ်ပါနဲ့။ ဒါအပြင် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးကင်ဖို့ အသားစိမ်းများအပြင်၊ အဆင်သင့်စားလို့ရအောင် အချို့သော ဟင်းလျာများကိုပါ ပြင်ဆင်ထားရှိပါ။ နောက်တစ်ချက် အနေနဲ့ အချိုပွဲများကိုပါ ထည့်သွင်းထားဖို့ လိုပါတယ်။

(၄) အသားကင်ရန် မီးသွေး အလုံအလောက်ပြင်ဆင်ထားပါ

party

Photo : Travels Mamas

နောက်ထပ် ပြင်ဆင်ရမဲ့ အချက်ထဲမှာ အရေးကြီးတဲ့ အချက်တစ်ချက် ရှိပါတယ်။ ဒါကတော့ အသားကင်ဖို့အတွက် မီးသွေး အလုံအလောက် ပြင်ဆင်ထားရှိဖို့ပါပဲ။ အခြားသော မီးဖိုများအသုံးပြုလို့ရသော်လည်းပဲ၊ BBQ ပါတီရဲ့အနှစ်သာရက မီးသွေးနဲ့ကင်တာပါ။ ဒါကြောင့် ကွီးတို့အနေနဲ့ ပါတီပွဲမစခင် မီးသွေးအလုံအလောက် ရှိဖို့ သေချာပါစေ။

(၅) အကင်နဲ့ တွဲစားရန် အဖျော်ယမကာများ ပြင်ဆင်ပါ

party

Photo : Eat This, Not That

ပါတီတို့ရဲ့ ထုံးစံအတိုင်း ပါတီတစ်ခုလုပ်မယ်ဆိုရင် အဖျော်ယမကာများကတော့ မရှိမဖြစ် လိုအပ်တာပါပဲ။ BBQ ပါတီလေးဆိုတော့ အကင်နဲ့ လိုက်ဖက်မဲ့ အဖျော်ယမကာများကို အသားပေးပြင်ဆင်ဖို့ လိုပါတယ်။ ဘီယာ၊ ဝီစကီ စသည်ဖြင့် ကော့တေးလ် အမျိုးအစားအချို့ကိုလည်း ပြင်ဆင်ထားပေးပါ။ ဒါ့အပြင် အသားကင်အချို့ဟာ ဝိုင်နဲ့ လိုက်ဖက်တာကြောင့် ဝိုင်ကိုပါ ထည့်သွင်းဖို့ မမေ့ပါနဲ့နော်။

ကွီးတို့ရေ BBQ ပါတီလေး ကိုပျော်ပျော်ရွှင်ရွှင် ဆင်နွှဲဖို့လိုက်ဖက်တဲ့ သီချင်းလေးတွေကိုလည်း ရွေးချယ်ထားလိုက်ပါ။ ကဲ ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ BBQ ပါတီလေးကို ဖန်တီးရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်လိုက်ပါ။

Featured Photo : Green Olive Firewood