လူတွေနဲ့ ရောရောထွေးထွေး မနေတက်တဲ့ Introvert တစ်ယောက်အတွက် ပါတီ တက်ရတာဟာ စိန်ခေါ်မှု အကြီးကြီးတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်က ဖြစ်ဖြစ် ၊ ဘော်ဒါအပေါင်းအသင်း အကန့်တွေကြောင့်ပဲ ဖြစ်ဖြစ် လူမှုရေးအရ မဖြစ်မနေ ပါတီ တက်ရတော့မယ်ဆိုရင် ပါတီကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ဖို့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) သူငယ်ချင်း အဖော်နဲ့သွားပါ

Photo : The Sentinel Assam

Introvert တွေအတွက် လူအများကြီးနဲ့ သူစိမ်းတွေရှိတဲ့ ပါတီတစ်ခုကို တစ်ယောက်တည်း သွားဖို့ဆိုတာ အတော်လေး မလွယ်တဲ့ကိစ္စပါ။ ပါတီမှာ တစ်ယောက်တည်း ကြောင်အန်းအန်း ဖြစ်နေတာထက်စာရင် ရင်းနှီးတဲ့ အဖော်လေးပါရင် ပိုပြီးအဆင်ပြေ နိုင်ပါလိမ့်မယ်။ သူငယ်ချင်း အဖော်ရှိတော့ ဘာပဲဖြစ်ဖြစ် အားရှိပါတယ်။ တစ်ခုလုပ်ရမှာက ပါတီကို အဖော်ခေါ်လို့ ရမရ ပါတီစီစဉ်သူတွေကို ကြိုတင်မေးမြန်း အကြောင်း ကြားဖို့ပါပဲ။

(၂) တက်နိုင်သမျှ ခပ်ပြုံးပြုံးပဲ နေပါ

Photo : Freepik

Introvert တွေဟာ လူကြပ်ကြပ်ရှုပ်လေ မျက်နှာထား တင်းလေလေ ဖြစ်တတ်ပါတယ်။ ဒါကလည်း သူတို့ရှက်ရွံ့နေတာကို ဖုံးကွယ်ဖို့အတွက်သုံးတဲ့ သမရိုးကျနည်းလမ်းတစ်ခုပါ။ မျက်နှာထား တင်းတာဟာ လူမှုဆက်ဆံရေးမှာ ကြားထဲက တုံးခုထားသလို ဖြစ်နေပါတယ်။ ပြုံးလိုက်ပါ။ မျက်နှာက ပြုံးထားတော့ စိတ်ပါသက်သာသွားပါလိမ့်မယ်။

(၃) သက်သာရာ နေရာရှာတက်ပါစေ

Photo : Penny Events

တကယ်လို့ ရှုပ်ရှက်ခတ်နေတဲ့ လူတွေအများကြီး ကြားထဲ ၊ သီချင်းသံတွေနဲ့ ဆူညံ့နေတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုမှ နေလို့အဆင်မပြေဘူးဆိုရင် ခဏတဖြုတ် စိတ်သက်သာရာ ရစေမယ့် နေရာတစ်ခုခုမှာ သွားနေတာမျိုး လုပ်လို့ရပါတယ်။ တစ်ယောက်တည်း ဖြစ်စေ ၊ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ ဖြစ်စေ အပြင်မှာ ခဏသွားပြီး မတ်တပ်ရပ် ၊ လေညှင်းခံ ၊ စကားစမြည်ပြောတာမျိုး လုပ်နိုင်ပါတယ်။

(၄) ထိန်းသောက်ပါ

Photo : WTSO

ပါတီမှာ စိတ်အိုက်တယ်ဆိုပြီး အရက်နဲ့ အဖျော်ယမကာတွေကို အလွန်အကျွံမသောက်ပါနဲ့။ ပလပ်ကျွတ်ပြီး ရုပ်ပျက်ဆင်းပျက်မဖြစ်စေဖို့ အထိန်းအကွပ်လေးနဲ့ ချင့်ချိန်ပြီး သောက်သင့်ပါတယ်။

(၅) အိမ်ပြန်ချိန် သတ်မှတ်ထားပါ


Photo : Society19

ပါတီက အချိန်ကြာလာလေ အရှိန်ပိုတက်လာလေ ဖြစ်မှာပါ။ ညဉ့်နက်လာတာနဲ့အမျှ သောက်ကြစားကြ  ကကြခုန်ကြရင်း ပါတီရဲ့Tempo ပိုတက်လာပြီး ခရီးပိုရောက်လာပါလိမ့်မယ်။ ဒီလိုအခြေအနေက ကိုယ့်အတွက် လုံးဝအဆင်မပြေနိုင်ဘူးဆိုရင် ပါတီကနေ ခပ်စောစောလေး ပြန်ဖို့ အကြံပြုချင်ပါတယ်။ အိမ်ပြန်တဲ့အခါ ပါတီစီစဉ်သူကို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ကြောင်း ၊ ပျော်ရကြောင်း ၊ ကိစ္စတစ်ခုခုရှိလို့ စောပြန်ရမှာ ဖြစ်ကြောင်း သေချာလေးပြောပြ နှုတ်ဆက်ပြီးမှ ပြန်ပါ။

Photo : Inc. Magazine