နှစ်သစ်ကို ကြိုဆိုတယ်ဆိုတာ တကယ့်တော့ အပျော်သပ်သပ် မဟုတ်ပဲ ကောင်းမွန်တဲ့ အလေ့အထတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ တစ်နှစ်တာကို အတူတကွ လက်တွဲကျော်ဖြတ်ခဲ့ကြတဲ့ မိသားစုဝင် ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ Celebrate လုပ်တဲ့ ပွဲအခမ်းအနားလေးဖြစ်သလို လာမယ့်နှစ်သစ်မှာ ကံကောင်းခြင်းတွေ ၊ ကျန်းမာပျော်ရွှင်ခြင်းတွေနဲ့ အောင်မြင်ခြင်းဆိုတဲ့ အနှစ်သာရတွေကို ပိုင်ဆိုင်နိုင်ဖို့ နှစ်သစ်ကို ဝမ်းမြောက်ကြိုဆိုကြတဲ့ အခိုက်အတန့်လေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်ရောက် လာတော့မယ့် ၂၀၂၃ ကို ကြိုဆိုတဲ့ နှစ်သစ်ကူး အချိန်အခါလေးမှာ မိသားစု ၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ဝမ်းမြောက်ဖွယ် ပါတီ လေးနဲ့ ကြိုဆိုကြမယ့် ကွီးတို့အတွက် ပြင်ဆင်ထားရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အလှဆင်ပစ္စည်းများ

Photo : TogetherV

နှစ်သစ်ကူး ပါတီမှာ အရေးကြီးဆုံး ပြင်ရမယ့်အချက်တစ်ခုကတော့ ပါတီ အတွက် Decoration အပြင်အဆင်ပါပဲ။ ထွေထွေထူးထူး အများကြီး ပြင်ဆင်တာမျိုး မလုပ်ချင်ဘူးဆိုရင်တောင် ၂၀၂၃ နှစ်သစ် ကို ဝမ်းမြောက်ကြိုဆိုတဲ့ Balloon လေးတွေတော့ မပါမဖြစ်ထည့် သင့်ပါတယ်။ ပါတီပွဲလေးကို ပိုပြီးခမ်းနားပြည့်စုံသွားမှာဖြစ်သလို နှစ်သစ်ကူး ပါတီရဲ့အနှစ်သာရကိုလည်း အပြည့်အဝ ခံစားရစေမှာဖြစ်ပါတယ်။

(၂) မီးပန်းများ

Photo : Food & Wine

နှစ်သစ်ကိုကူးပြောင်းတဲ့ သန်းခေါင်ယံအချိန်အခါလေးမှာ မီးပန်းလေးတွေနဲ့ ကြိုဆိုရခြင်းဟာလည်း တကယ့်ကို ပျော်ရွှင်စရာပါပဲ။ ခေတ်ကာလအခြေအနေအရ အသံမြည်တဲ့ မီးရှုးမီးပန်းတွေထက်စာရင် အသံမထွက်တဲ့ အသေးစား အလှမီးပန်းလေးတွေနဲ့ နှစ်သစ်ကို ကြိုဆိုတာ ပိုပြီးသင့်လျော်မှာ ဖြစ်ပါတယ်။ ခြံဝန်းလေးထဲမှာပဲ မိသားစုဝင်တွေနဲ့အတူ အလှမီးပန်းလေးတွေ ထွန်းညှိပြီး ပျော်ပျော်ပါးပါး နှစ်သစ်ကို ကြိုဆိုဖို့ အကြံပြုလိုက်ပါတယ်။

(၃) အစားအသောက်

Photo : EyeEm

နှစ်သစ်ကူး ပါတီအတွက် အစားအသောက်တွေကတော့ သေချာပေါက် ကြိုတင်ပြင်ဆင်ရမယ့် အထဲမှာ ပါပါတယ်။ ဘယ်လို ဟင်းလျာနဲ့ စားစရာတွေ တည်ခင်းမလဲဆိုတာပေါ်မူတည်ပြီး ကြိုတင်တွက်ဆ ပြင်ဆင်ရမှာပါ။ နှစ်သစ်ကူး ပါတီမှာ များသောအားဖြင့် BBQ အကင်လေးတွေ ၊ အကြော်အလှော် ဟင်းလျာတွေနဲ့ ဟော့ပေါ့လို စားစရာတွေက အများဆုံး တည်ခင်းကြတဲ့ Menu တွေ ဖြစ်ပါတယ်။ အသား ၊ ဟင်းသီးဟင်းရွက်နဲ့ လိုအပ်တဲ့ ပိစိကွစပစ္စည်းလေးတွေ အားလုံးကို ကြိုတင်ဝယ်ခြမ်းပြီး ညဦးပိုင်းလောက်ကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဝိုင်နဲ့ သောက်စရာ အဖျော်ယမကာတွေကိုလည်း ပါတီမှာရှိမယ့် လူအရေအတွက် ပေါ်မူတည်ပြီး လုံလုံလောက်လောက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါမယ်။

(၄) ဂိမ်း

Photo : Country Living Magazine

နှစ်သစ်ကူး ပါတီလေးကို ပိုပြီး ပြည့်စုံသွားဖို့ဆိုရင်တော့ ပျော်စရာ Game Night လေးတစ်ခု ဖန်တီးလိုက်ပါ။ လူများများနဲ့ ပျော်ပျော်ပါးပါး ဆော့လို့ရမယ့် Board ဂိမ်းလေးတွေ ၊ Card ဂိမ်းလေးတွေနဲ့ ဉာဏ်စမ်းပဟေဠိဂိမ်းလေးတွေ ကစားလို့ရပါတယ်။ ဂိမ်းလေးတွေကစားရင်း နှစ်သစ်ကို ရယ်မောပျော်ရွှင်စွာ ကြိုဆိုတဲ့နည်းလမ်းလေးထက် ပိုပြီးပြည့်စုံမယ့်အရာ မရှိနိုင်ပါဘူး။

(၅) ဖျော်ဖြေရေး

Photo : Good Housekeeping

ဖျော်ဖြေရေး အစီအစဉ်မထည့်ရင်လည်း နှစ်သစ်ကူး ပါတီလေးဟာ ဘယ်လိုနည်းနဲ့မှ ပြည့်စုံနိုင်မှာ မဟုတ်တာ သေချာပါတယ်။ DJ တွေ ၊ ဂီတတီးဝိုင်းတွေ ငှားနိုင်မှ မဟုတ်ပါဘူး သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး ကခုန်နိုင်မယ့် သီချင်း Playlist လေးတွေ ကြိုတင်ပြင်ဆင်ထားရင်ပဲ လုံလောက်ပါပြီ။ New Year ညနဲ့ လိုက်ဖက်တဲ့ မြူးမြူးကြွကြွ သီချင်းလေးတွေကို YouTube ကနေ ကြိုတင်ရှာဖွေ ဒေါင်းလုခ်ဆွဲထားသင့်ပါတယ်။

ကဲဒါဆိုရင်တော့ ကွီးတို့ရဲ့ နှစ်သစ်ကူး ပါတီလေးက တကယ်ကိုပဲ ပြီးပြည့်စုံသွားပါပြီ။ New Year ညလေးကို အသိသတိနဲ့ အန္တရာယ်ကင်းကင်း ပျော်ပါးကြဖို့နဲ့ လာမယ့်နှစ်သစ်မှာ ကောင်းမွန်ခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေဖို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်ခင်ဗျာ။

Featured Photo : Parade