တစ်ပတ်လုံး အလုပ်တွေနဲ့ လုံးပန်းခဲ့ရသမျှ ရုံးပိတ်ရက်မှာတော့ အကောင်းဆုံးအနားယူပြီး အားပြန်ဖြည့်ဖို့လိုပါတယ်။ လူတိုင်း ရုံးပိတ်ရက်မှာ မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ အနားယူအပန်းဖြေကြပေမယ့် စိတ်ရော/ကိုယ်ပါ ပြည့်ပြည့်ဝဝအနားယူနိုင်မှသာ ကောင်းမွန်ပြည့်စုံတဲ့ အားလပ်ရက် ဖြတ်သန်းမှုလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ Weekend မှာအကောင်းဆုံး အနားယူအပန်းဖြေချင်တဲ့ ကွီးတို့အတွက် စိတ်နဲ့ ခန္ဓာကိုယ်ကို ဘယ်လိုနည်းလမ်းတွေနဲ့အကောင်းဆုံး အနားယူသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

relaxing man at home

Photo : Insider Envy

စိတ်ပိုင်းဆိုင်ရာ အနားယူနည်းများ

  • Social Media တွေနဲ့ ယာယီအဆက်သွယ်ဖြတ်ပါ

ဆိုရှယ်မီဒီယာအသုံးပြုတာဟာ တန်ဖိုးရှိတဲ့အားလပ်ရက်အချိန်တွေကို အလျင်အမြန်ကုန်ဆုံး သွားစေပြီး စိတ်ဖိစီးမှုများစေပါတယ်။ စိတ်ဝိညဉ်ကို ကောင်းစွာအနားယူချင်တယ်ဆိုရင်တော့ ဆိုရှယ်မီဒီယာတွေ မသုံးပဲ ယာယီဖြတ်တောက်ထားလိုက်ပါ။

  • စာအုပ်/ရုပ်ရှင်

အားလပ်ရက်မှာ စာအုပ်ကောင်းတစ်အုပ် / ရုပ်ရှင်ကားကောင်းတစ်ကားနဲ့ အချိန်ကုန်ဆုံးရတာလောက် စိတ်လက်ပေါ့ပါးပြီး အပန်းပြေစေမယ့် နည်းလမ်းမရှိနိုင်ပါဘူး။ စိတ်ခံစားမှုကို မြင့်တက်စေပြီး စိတ်ကူးစိတ်သန်းကောင်းတွေရစေမယ့် စိတ်ခွန်အားဖြည့်စာအုပ်တွေ ၊ စွန့်စွန့်စားစား ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ပါ။

  • Podcast နားထောင်ပါ

တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုရွေးထားပါ။ ပြီးရင်တော့ သင့်စိတ်ကို အရှင်းလင်းဆုံးဖွင့်လစ်ထားပြီး စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် Podcast အစီစဉ်လေးတွေ နားထောင်ကြည့်ဖို့ အကြံပြုပါရစေ။

  • သီချင်းနားထောင်ပါ

Podcast နားထောင်ရတာ ပျင်းလာရင် အကြိုက်ဆုံးသီချင်းလေးတွေ ပြောင်းနားထောင်ကြည့်ပါ။ သီချင်းတွေက စိတ်ဖိစီးမှုတွေကို သက်သာအောင် ကူညီပေးပြီး စိတ်အပန်းပြေမှုကို ရစေပါတယ်။

  • တရားထိုင်ပါ

စိတ်ကိုအကောင်းဆုံး တည်ငြိမ်အေးချမ်းစေမယ့် နည်းလမ်းတစ်ခုကတော့ တရားထိုင်တာပါပဲ။ သင့်ရဲ့ အတွေးတွေ ပြန့်လွင့်ခြင်းကို အကောင်းဆုံးထိန်းချုပ်ပေးပြီး ပူပင်သောကမရှိ အေးချမ်းတဲ့စိတ်အခြေအနေကို ရရှိအောင် တရားထိုင်ခြင်းအလေ့အကျင့်က ကူညီပေးပါလိမ့်မယ်။

  • ဝါသနာအပေါ်အချိန်ပေးပါ

ကိုယ် Passion ဖြစ်တဲ့အရာတွေကို လုပ်ကိုင်နေရချိန်က စိတ်ခံစားမှုအမြင့်ဆုံးဖြစ်ပြီး ပျော်ရွှင် ကျေနပ်ခြင်းတွေကို ရရှိခံစားစေနိုင်ပါတယ်။ ဒါကြောင့် အားလပ်ရက်မှာ ဝါသနာပါတဲ့အရာလေးတွေအပေါ်လည်း အချိန်ပေးလုပ်ဆောင်သင့်ပါတယ်။

Young handsome naked man sitting in bath with hot water and foam, washing his body and enjoying the procedure

Photo : Vitabath

ရုပ်ပိုင်းဆိုင်ရာ အနားယူနည်းများ

  • မနက်စောစော လေ့ကျင့်ခန်းလုပ်ပါ

မနက်စောစောအိပ်ရာထပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ကြည့်ပါ။ ကျန်းမာကြံ့ခိုင်ခြင်းတွေနဲ့အတူ ခန္ဓာကိုယ်မှာ စွမ်းအင်ပြည့်ဝပြီး  အားလပ်ရက်အချိန်လေးတွေကို တက်ကြွလန်းဆန်းစွာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

  • Herbal Tea သောက်ပါ

သဘာဝဆေးဖက်ဝင် သစ်ဥသစ်ဖုများနဲ့ Herbal Tea တစ်ခွက်သောက်ပေးတာဟာ အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုံးစုံကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

  • ကိုယ်တိုင်ချက်စားပါ

ရုံးပိတ်ရက်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အထူးစပယ်ရှယ်ဟင်းလျာတစ်ခွက် ကိုယ်တိုင်ချက်ပြုတ်ပြီး စားကြည့်ပါ။ တစ်ပတ်တာလုံး ပင်ပန်းခဲ့မှုတွေကို အစားအသောက်ကောင်းလေးတွေ အရသာရှိရှိစားသုံးပြီး ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်သင့်တယ် မဟုတ်လား။

  • ဝိုင်နီသောက်ပါ

အားလပ်ရက်မှာ သောက်စရာလေးနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက်တော့ ဝိုင်နီတစ်ခွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။ ဝိုင်နီက ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာ ပေးစွမ်းပါတယ်။ ဆေးဖြစ်ဝါးဖြစ် ကျန်းမာရေးအရ မှီဝဲဖို့ ဆိုရင်တော့ ဝိုင်နီတစ်ခွက်ဆိုတဲ့ ပမာဏက လုံလောက်ပါတယ်။

  • အသားအရေထိန်းသိမ်းပါ

အားလပ်ရက်မှာ အသားအရေထိန်းသိမ်းခြင်းလုပ်ငန်းစဉ်လေးတွေကိုလည်း လုပ်သင့်တယ်မဟုတ်လားဗျ။ မျက်နှာပေါင်းတင်တာ ၊ Body Scrub စသည်ဖြင့် အသားအရေထိန်းသိမ်းခြင်းဟာ အားလပ်ရက်အတွက် အကောင်းဆုံး အနားယူအပန်းဖြေမှုတစ်ခုပဲ ဖြစ်ပါတယ်။

  • ရေပူချိုးပါ / ရေနွေးစိမ်ပါ 

ခန္ဓာကိုယ်တစ်ခုလုံး အညောင်းအညာတွေပြေလျော့စေပြီး ကောင်းမွန်တဲ့အနားယူမှုရချင်တယ်ဆိုရင် ရေပူချိုးတာ ၊ ရေနွေးစိမ်တာလေးတွေ လုပ်သင့်ပါတယ်။ စိတ်အေးလက်အေးနဲ့ ရနံ့ပါတဲ့ ဖယောင်းတိုင်လေးတွေ ထွန်းပြီး ရေပူချိုးမယ်ဆိုရင် ကြွက်သားနဲ့ အကြောအခြင်များ ညောင်းညာကိုက်ခဲမှု ပြေလျော့စေနိုင်ရုံမက စိတ်ကြည်လင်လန်းဆန်းစေမှာဖြစ်ပါတယ်။

ကဲအထက်ပါ စိတ်နဲ့ ခန္ဓာကိုယ်အတွက် အကောင်းဆုံးအနားယူ နည်းလေးတွေနဲ့ ဒီတစ်ပတ် Weekend ကို ပြည့်ပြည့်ဝဝ အနားယူအပန်းဖြေလိုက်ပါ ကွီးတို့ရေ။

Featured Photo : Unsplash