ပင်ပန်းနွမ်းနယ်နေလို့၊ စိတ်မွန်းကြပ်နေလို့ ပါတီပွဲလုပ်ပါတယ်ဆိုမှ အစားအသောက်ပြင်ဆင်ရမှာ၊ ပါတီအပြင်အဆင် ပြင်ဆင်ရမှာတွေကြောင့် ဝန်ပိသလို၊ စိတ်ဖိစီးသလို ခံစားနေရမယ်ဆိုရင် မဟုတ်သေးဘူးလေနော့်။

ဒါ့ကြောင့် အစားအသောက်အပြင်အဆင်၊ Decoration အပြင်အဆင်တွေကို အရမ်းကြီး ခမ်းနားအောင် ပြင်ဆင်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ တစ်ချက်လောက်လေ့လာကြည့်ရအောင်။

သစ်သီးဖန်ခွက်

ပါတီပွဲတက်မယ့် ဧည့်သည်တွေအတွက် ဖန်ခွက်တွေ ထုတ်သုံးမယ့်အစား အသီးအနှံရဲ့အခွံကို မလွှင့်ပစ်ဘဲ သစ်သီးဖန်ခွက်ဖျော်ရည်အဖြစ်အသုံးပြုလိုက်ပါ။ ဒါဆိုရင် ပါတီပွဲပြီးသွားလို့ အိုးခွက်ပန်းကန်တွေ အမြောက်အမြားတိုက်ချွတ်ဆေးကြောရမယ့် တာဝန်တစ်ခုလျော့သွားတာပေါ့။

အရောင်တွေကို လိုက်ဖက်မှုရှိအောင် ပြင်ဆင်ပါ။

Decoration ပြင်ဆင်တဲ့အခါ ရှုပ်ယှက်ခတ်နေအောင် ပြင်ဆင်စရာမလိုပါဘူး။ ရိုးရိုးရှင်းရှင်လေးနဲ့ အရောင်တွေကို လိုက်ဖက်မှုရှိအောင် ပြင်ဆင်တတ်ရင်ပဲ ရနေပါပြီ။ တကယ်လို့ ကိုယ်က အရောင်တွဲစပ်တဲ့နေရာမှာ အားနည်းတယ်ဆိုရင် အင်တာနက်ပေါ်ကဗွီဒီယိုလေးတွေကို လေ့လာကြည့်လို့ရပါတယ်။

ရေမမြှုပ်တဲ့ဘောကွင်းများနဲ့ အလှဆင်ပါ။

နောက်ထပ် အလှဆင်လို့ရတဲ့နည်းလမ်းကောင်းလေးကတော့ ဘောကွင်းအသုံးပြုခြင်းပဲဖြစ်ပါတယ်။ Pool Party ကျင်းပမယ့်သူတွေက ဒီနည်းလမ်းလေးကို မေ့ထားလို့မဖြစ်ပါဘူး။

ဂိမ်းကစားနည်းတွေ ပြင်ဆင်ထားလိုက်ပါ။

ဂိမ်းကစားနည်းများ ဆော့ကစားခြင်းက ပါတီပွဲတက်မယ့်သူတွေ မပျင်းရိမငြီးငွေ့အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အင်မတန်လည်း ပျော်ဖို့ကောင်းပါတယ်။

ကော့တေးအစားအသောက်ဘား ထားရှိပေးဖို့မမေ့ပါနဲ့။

ဘီယာ၊ ဝိုင်နဲ့ အခြား အယ်လ်ကိုဟောအရည်တွေ ပြင်ဆင်ထားသလိုပဲ ကော့တေးဘားထားရှိပေးဖို့လည်း မမေ့ပါနဲ့။ ဒါမှ ပါတီပွဲက အရသာမျိုးစုံနဲ့ သက်ဝင်လှုပ်ရှားပြီး ပျော်ဖို့ကောင်းနေမှာပါ။

ဧည့်သည်တွေအတွက် လက်ဆောင်ပေးဖို့အတွက်လည်း ပြင်ဆင်ထားပါ။

သင့်ရဲ့ ပါတီပွဲအကြောင်း အမှတ်ရနေစေချင်တယ်ဆိုရင်တော့ ဧည့်သည်တွေပြန်ခါနီးမှာ နှုတ်ဆက်လက်ဆောင်ပေးဖို့လည်း မမေ့ပါနဲ့။ တစ်ယောက်ချင်းစီလိုက်ပေးနေမယ်ဆိုရင် သင် အလုပ်များနေတဲ့အခါ မရလိုက်တဲ့ဧည့်သည်တွေရှိရင် အချင်းချင်းမျက်နှာပျက်စရာဖြစ်နေပါလိမ့်မယ်။ အဲ့ဒါကြောင့် ဗန်းလှလှလေးတစ်ခုတည်းမှာစီထည့်ထားလိုက်ပါ။ ဧည့်သည်တွေပြန်တဲ့အခါ တစ်ယောက်တစ်ခုစီ ယူသွားပါစေ။

မီးလုံးလေးတွေနဲ့ အလှဆင်ပါ။

မှိတ်တုတ်မှိတ်တုတ်မီးလုံးလေးတွေလောက် လှပတာမရှိပါဘူး။ ဘာတွေနဲ့ ဘယ်လိုအလှဆင်ရမှန်းမသိဘူးဆိုရင်တော့ မှိတ်တုတ်မှိတ်တုတ်မီးလုံးလေးတွေသာ အသုံးပြုလိုက်ပါ။

Source: Redbookmag.com