မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်ဟာ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ပင်နယ်တီကို ပေါ့ဂ်ဘာက ကန်သွင်းချင်ကြောင်း ပြောကြားခဲ့တဲ့အချိန်မှာ စောဒကတက်ခဲ့ခြင်းမရှိတာကို မြင်တွေ့ခဲ့ရပါတယ်။

Source : The Telegraph

မန်ချက်စတာယူနိုက်တက်နဲ့ ဝုဗ်အသင်းတို့ တစ်ဖက် ၁ ဂိုးစီ သရေကျနေချိန်မှာ ပင်နယ်တီဧရိယာထဲ ထိုးဖောက်လာတဲ့ ပေါ့ဂ်ဘာကို ကော်နာကိုဒီက ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်ဂျွန်နသန်မော့စ်က ပင်နယ်တီသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအားလုံးက ပြီးခဲ့တဲ့ချယ်ဆီးအသင်းနဲ့ပွဲစဉ်တုန်းက ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ မားကပ်စ်ရက်ဖို့ဒ်ပဲ ကန်သွင်းလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ရက်ဖို့ဒ်က ပေါ့ဂ်ဘာနဲ့ ဆွေးနွေးပြီးနောက်မှာ ဘေးထွက်ရပ်နေခဲ့တာဖြစ်ပါတယ်။

Source : Yahoo Sport UK

ရုပ်သံအနှေးပြကွက်တွေကို ကြည့်တဲ့အခါမှာ ရက်ဖို့ဒ်က ပေါ့ဂ်ဘာကို ပင်နယ်တီကန်ချင်လားလို့ မေးမြန်းခဲ့တာကို တွေ့ခဲ့ရပြီး ပေါ့ဂ်ဘာက ကန်ချင်တယ်လို့ တုံ့ပြန်လိုက်တဲ့အခါမှာ ရက်ဖို့ဒ်က ပေါ့ဂ်ဘာရဲ့ကျောကို ပုတ်ခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတော့ ရက်ဖို့ဒ်က ဘောလုံးကို သွားကောက်ခဲ့ပြီး ပေါ့ဂ်ဘာဆီကို ဘောလုံးပစ်ပေးခဲ့တာကို တွေ့ရပါတယ်။ ပေါ့ဂ်ဘာက ပြင်းထန်အားပါတဲ့ကန်သွင်းချက်နဲ့ ဂိုးရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် ဝုဗ်ဂိုးသမား ရူအီပက်ထရီစီယိုက လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

Source: standard

ပေါ့ဂ်ဘာအတွက် ကံမကောင်းစွာနဲ့ပဲ ယခုပင်နယ်တီလွဲချော်မှုဟာ ပြီးခဲ့တဲ့ရာသီအစကနေ ယခုရာသီအစအထိ ၄ ကြိမ်မြောက် ပင်နယ်တီလွဲချော်မှုဖြစ်ခဲ့တာဖြစ်ပြီး ယခုလိုအချိန်အတွင်းမှာ ပေါ့ဂ်ဘာထက် ပင်နယ်တီပိုမိုလွဲချော်ခဲ့တဲ့ ကစားသမားမရှိဘူးလို့ သိရပါတယ်။